ဂိုးမရှိ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့ အနောက်မြောက်ဒါဘီ

52755205_2202216206488286_5128769376144588800_n.jpg

အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ မန်ယူနဲ့ လီဗာပူးတို့ ပွဲစဉ်ကတော့ ဂိုးမရှိသရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ မန်ယူက
၄-၃-၁-၂ ကစားကွက်မှာ လူကာကူ၊ ရက်ရှ်ဖို့ဒ်၊ မာတာတို့ တိုက်စစ်ပိုင်းနဲ့ ပွဲထွက်လာခဲ့ပြီး လီဗာပူးကလည်း ၄-၃-၃ ကစားကွက်မှာ ဆာလာ၊ ဖာမီနို၊ မာနေးတို့ တိုက်စစ်အတွဲကို ခင်းကျင်းခဲ့ပါတယ်။

ပထမပိုင်းမှာ ၂ သင်းလုံး အခွင့်အရေးသိပ်မရခဲ့ပေမဲ့ ပထမပိုင်း ပြီးခါနီးမှာ မန်ယူအတွက် အခွင့်အရေးကောင်းတစ်ရပ် ရခဲ့ပါတယ်။ ပေါ့ဘာ၊ လူကာကူတို့ တွဲလုံးကနေ လင်ဂတ်က ဂိုးသမားကို ခေါက်ဖို့ ကြိုးစားခဲ့ပေမဲ့ လီဗာပူးဂိုးသမား အလစ်ဆန် ကာကွယ်နိုင်ခဲ့လို့ မန်ယူ ဂိုးမရခဲ့တာပါ။ လီဗာပူးကတော့ တစ်ပွဲလုံးမှာ တစ်ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပြီး စတာရစ်ချ်ရဲ့ကန်ချက် ပျော့သွားလို့ ဒီဂီယာက အသာအယာ ဖမ်းနိုင်ခဲ့ပါတယ်။

မန်ယူဟာ ပထမပိုင်းမှာကတည်းက ကစားသမား ၃ ယောက် လူစားလဲခဲ့ရပြီး(ဟာရဲရားအစား ပါရဲရား၊ မာတာအစား လင်ဂတ်၊ လင်ဂတ်အစား ဆန်းချက်ဇ်)လီဗာပူးဘက်မှာလည်း ဖာမီနိုနေရာမှာ စတာရစ်ချ် လူစားဝင် ကစားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲမှာ ပထမပိုင်းကတည်းက နှစ်သင်းပေါင်း ကစားသမား ၄ ယောက် လူစားလဲရတာဟာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လုခ်ရှောရဲ့ ဖြတ်တင်ဘောကို စမောလင်း ပြန်ချိုးပေးရာမှာ မာတစ် ကိုယ့်ဂိုးကိုယ် သွင်းမိပေမဲ့ စမောလင်း လူကျွံနေလို့ မန်ယူ ဂိုးမရခဲ့ပါဘူး။ အခုပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် မန်ယူဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိ ပွဲစဉ် ၁၀၀ ကစားနိုင်တဲ့ ၇ ဦးမြောက် ဂိုးသမား ဖြစ်လာခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ လီဗာပူးနဲ့ မန်စီးတီးကြား ၁ မှတ်ပဲ ကွာတော့လို့ ပရီးမီးယားလိဂ် ချန်ပီယံဖလားအတွက် အကြိတ်အနယ် ပိုဖြစ်လာပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top