စိတ်ကူးယဉ်ခြင်းက သင့်ရဲ့ရည်မှန်းချက်ကို နှောင့်နှေးစေနိုင်ပါတယ်

52840147_668080150273839_6987326833226153984_n.jpg

တစ်ခါက ဆင်းရဲနွမ်းပါးတဲ့အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့နေ့စဉ်စားဝတ်နေရေးအတွက် တစ်လမ်းဝင်တစ်လမ်းထွက် နွားနို့ရောင်းချပြီး ရုန်းကန်လှုပ်ရှားနေရပါတယ်။ တစ်နေ့မှာတော့ နွားနို့ရောင်းချဖို့အတွက် နွားနို့ကရားထဲအပြည့်ထည့်ပြီး နွားတင်းကုပ်ထဲကနေထွက်လာခဲ့ပါတယ်။ အမျိုးသမီးကြီးဟာ တဖြည်းဖြည်း လမ်းလျှောက်လာရင်း အခုလို စိတ်ထဲကနေတွေးနေပါတယ်။

” ဒီနေ့နွားနို့ရောင်းလို့ရလာတဲ့ပိုက်ဆံနဲ့ ကြက်ပေါက်ကလေးတွေဝယ်ပြီးတော့ မွေးထားရမယ်။ သူတို့လေးတွေ ကြီးလာရင် ဈေးကောင်းကောင်းနဲ့ပြန်ရောင်းမယ်။ အဲဒီကနေရလာတဲ့ပိုက်ဆံတွေနဲ့ ဆိတ်ပေါက်လေးနှစ်ကောင် ပြန်ဝယ်မယ်။ ထွားထွားကျိုင်းကျိုင်းဖြစ်လာရင် ပြန်ရောင်းပြီး နွားတစ်ကောင်ထပ်ဝယ်ရမယ်။ အဲဒီအခါ နွားနို့တွေ အခုထက်ပိုပြီးရောင်းနိင်တော့မှာ။ ဒါဆိုရင် ငါလိုချင်တာမှန်သမျှ အားလုံးပိုင်ဆိုင်နိုင်တော့မှာပဲ။ ပျော်ဖို့ကောင်းလိုက်တာ “လို့ စိတ်ကူးယဉ်နေတုန်းမှာ ခလုတ်တိုက်မိပြီး ရွက်ထားတဲ့ နွားနို့ကရားကြီးဟာ မြေကြီးပေါ်ပြုတ်ကျလို့ နွားနို့တွေအားလုံးလည်းဖိတ်စင်ကုန်ပါတော့တယ်။ ဒီအခါမှာတော့ အမျိုးသမီးကြီးလည်း စိတ်ပျက်ဝမ်းနည်းပြီး လာရာလမ်းအတိုင်းလှည့်ပြန်ခဲ့ရပါတော့တယ်။

ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့အသိလေးကတော့ စိတ်ကူးယဉ်နေခြင်းထက် လက်တွေ့ကြိုးစားခြင်းက အောင်မြင်ဖို့ပိုနီးစပ်စေကြောင်း သိရှိစေလိုရင်းဖြစ်ပါတယ်။ စာမေးပွဲအောင်ပြီးရင် အလုပ်လုပ်ပြီး ပိုက်ဆံတွေအများကြီးရှာနိင်တော့မယ်လို့ စိတ်ကူးယဉ်နေတာထက် လက်တွေ့မှာ တစ်နေ့စာတစ်နေ့ ပုံမှန်လေ့လာနေမှသာ စာမေးပွဲအောင်မြင်နိင်မှာပါ။ အောင်မြင်ချင်ရင်၊ တိုးတက်ချင်ရင် စိတ်ဓာတ်ခွန်အားပေးစာပေတွေဖတ်ပြီး စိတ်ကူးယဉ်အားတက်နေရုံနဲ့တော့မရပါဘူး။ လက်တွေ့ဘဝမှာ ကြုံတွေ့လာရမယ့် အခက်အခဲအတားအဆီးတွေအကုန်လုံးကို ရင်ဆိုင်ကျော်လွှားနိုင်မှသာ အောင်မြင်ခြင်းကို ပိုင်ဆိုင်နိင်မှာပါ။ စာဖတ်ပရိသတ်တွေအတွက် စကားလက်ဆောင်ပါးချင်တာကတော့ “လုပ်ချင်တာ၊ ဖြစ်ချင်တာရှိရင် အခုပဲအကောင်အထည်ဖော်လိုက်ပါ။ အချိန်ဖြုန်းပြီး စိတ်ကူးယဉ်မနေပါနဲ့တော့”…။

Ref: ” The milkmaid and her pail ”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top