ကမ္ဘာ့ပထမဆုံးအဖြစ် အမျိုးသမီးအာကာသယာဉ်မှူး တွေချည်းပါဝင်ခဲ့တဲ့ NASA ရဲ့ Spacewalk Mission

yyl-21-015.jpg

ခရစ္စတီးနား ကော့ခ်ျ (Christina Koch) နဲ့ ဂျက်စီကာ မီးရ် (Jessica Meir) ဆိုတဲ့ နာဆာအမျိုးသမီးအာကာသယာဉ်မှူးနှစ်ဦးကတော့ မကြာသေးခင်ကပဲ အာကာသသိပ္ပံနယ်ပယ်မှာ ထူးခြားတဲ့မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ခဲ့ကြပါပြီ။ သူတို့ဟာ အာကာသသိပ္ပံသမိုင်းမှာ တစ်ကြိမ်မျှမရှိခဲ့ဖူးသေးတဲ့ အမျိုးသမီးအာကာသယာဉ်မှူးတွေချည်း အာကာသဟင်းလင်းပြင်ထဲ ထွက်ခွာ‌နေထိုင်မှုကို လုပ်ဆောင်ပြနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့စွမ်းဆောင်ခဲ့မှုက ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ်နဲ့လည်း မှတ်တမ်းဝင်နေတော့မှာပါ။

လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ကော့ခ်ျက အာကာသဟင်းလင်းပြင်ထဲမှာ နေထိုင်မှုကို (၄) ကြိမ်‌ထိအ‌တွေ့အကြုံရှိထားပြီးဖြစ်ပေမဲ့ အဏ္ဏဝါဇီဝဗေဒပါရဂူဘွဲ့ရတစ်ဦးဖြစ်သူ မီးရ် အတွက်ကတော့ ဒီမစ်ရှင်က သူ့ရဲ့ပထမဆုံးအ‌တွေ့အကြုံ ဖြစ်‌နေခဲ့ပါတယ်။ နာဆာဟာ အမျိုးသမီးအာကာသယာဉ်မှူးတွေ ချည်းသာပါဝင်မယ့် ဒီမစ်ရှင် အကြောင်းကို ပြီးခဲ့တဲ့မတ်လကတည်းက ကြိုတင်ကြေညာခဲ့ပြီး ကနဦးအစီအစဉ်အရ ကော့ခ်ျနဲ့ မီးရ် တို့ရဲ့တွဲဖက် အန်နီ မက်က္ကလိန်း (Anne McLain) လည်းပါဝင်ခဲ့ပေမဲ့ အာကာသဝတ်စုံ အရွယ်အစားအဆင်မပြေမှုတချို့ ရှိခဲ့တာကြောင့် သူကတော့ မလိုက်ပါဖြစ်ခဲ့ပါဘူး။

ကော့ခ်ျနဲ့ မီးရ်တို့နှစ်ဦးက ပြီးခဲ့တဲ့သောကြာနေ့မှာ နိုင်ငံတကာအာကာသစခန်း (ISS) ရဲ့ ပြင်ပ အာကာသဟင်းလင်းပြင်ထဲမှာ (၇) နာရီကြာ‌‌ထွက်ခွာ‌နေထိုင်ပြီး စွမ်းအားထိန်းချုပ်စနစ် ချွတ်ယွင်းချက်တစ်ခုကို အတူပြုပြင် ခဲ့ကြတာပါ။ အဲဒီနောက် (၁၁) နာရီ (၃၈) မိနစ် (ဂရင်းဝစ်ချ်စံတော်ချိန်) မှာ‌တော့ သူတို့ရဲ့အလုပ်ကို လက်စသတ်နိုင်ခဲ့ကြပါတယ်။

အရင်တုန်းကလည်း ကော့ချ်နဲ့ ဂျက်စီကာတို့လို (နှစ်ဦးတွဲမဟုတ်) အာကာသဟင်းလင်းပြင်ထဲမှာ‌ နေထိုင်ခဲ့ဖူးတဲ့ ကမ္ဘာ့ပထမဆုံး အမျိုးသမီးတစ်ဦး ရှိခဲ့ပါသေးတယ်။ သူကတော့ ရုရှား (ယခင် ဆိုဗီယက်ပြည်‌ထောင်စု) အာကာသယာဉ်မှူး ဆဗက်တာလာ ဆဗစ်ကာယာ (Svetlana Savitskaya) ဖြစ်ပြီး ၁၉၈၄ ခုနှစ်တုန်းက ဆယ်လ်ယု (၇) အာကာသစခန်းရဲ့ ပြင်ပကိုထွက်ခွာကာ (၃) နာရီ (၃၅) မိနစ်ကြာနေထိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

လူသားတို့ရဲ့ အာကာသသိပ္ပံသမိုင်းတစ်‌လျှောက် အာကာသထဲမှာ ပထမဆုံးဦးဆုံးအကြိမ်နေထိုင်ခဲ့တဲ့လူသားက ရုရှားအမျိုးသားအာကာသယာဉ်မှူး လက်ဇီ လီယိုနော့ဗ် (Alexei Leonov) ဖြစ်ကာ အခုအချိန်မှာတော့ သူက အသက် (၈၅) နှစ်အရွယ်မှာ (ယခုလအတွင်းမှာ) ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

Ref: BBC “Nasa astronauts Christina Koch and Jessica Meir in all-women spacewalk”

Lynn This (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top