မိဘတွေရဲ့ ဒဏ်ခတ်မှုကြောင့် တောထဲမှာ ၆ ရက်နေခဲ့ရပြီး အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကလေးငယ်

Yamato-Tanooka.gif

”ကျွန်တော် ဗိုက်ဆာတယ်”……….။

မိဘတွေက အပြစ်ပေးတဲ့အနေနဲ့ တောထဲမှာ ပစ်ထားခဲ့လို့ (၆)ရက်ကြာ ပျောက်ဆုံးခဲ့တဲ့ ဂျပန်ကလေးငယ် ယာမာတို (Yamato Tanooka) ကို ပြန်တွေ့တဲ့ အချိန်မှာ သူ ပထမဆုံး ပြောခဲ့တဲ့စကားပါ။

(၇)နှစ် အရွယ် ဂျပန်ကလေးငယ် ယာမာတိုဟာ မိဘတွေနဲ့အတူ ပန်းခြံသွားတုန်းက အခြားလူတွေနဲ့ ကားတွေကို ခဲနဲ့ပစ်ပေါက်ခဲ့လို့ ယာမာတိုရဲ့ မိဘတွေက သူတို့သားကို အပြစ်ပေးတဲ့ အနေနဲ့ တောထဲမှာ ပစ်ထားခဲ့ပါတယ်။

အချိန်ခဏကြာလို့ သူ့ကို သွားပြန်ခေါ်တော့ ယာမာတိုကို ချန်ထားခဲ့တဲ့နေရာမှာ မတွေ့ရတော့ပါဘူး။ ဒါကြောင့် သူ့မိဘတွေဟာ သူတို့သား ပျောက်သွားတယ်လို့ ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်းမှာ သူ့မိဘတွေက အဖြစ်မှန်ကို မပြောဘဲ ဟင်းသီးဟင်းရွက် ခူးနေတုန်း ယာမာတို ပျောက်သွားတာလို့ လိမ်ညာခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အမှန်အတိုင်း ဝန်ခံခဲ့ကြပါတယ်။

ယာမာတို ပျောက်ဆုံးသွားတဲ့နေရာဟာ အညိုရောင် ဝက်ဝံတွေ ကျင်လည်ကျက်စားတဲ့ နေရာဖြစ်ပြီး သူ့ကို ရှာဖွေရာမှာ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးအဖွဲ့ဝင်တွေ၊ ဂျပန်တပ်ဖွဲ့ဝင်တွေ၊ ယာမာတိုရဲ့ကျောင်းက တာဝန်ရှိသူတွေ၊ လုပ်အားပေးအဖွဲ့ဝင်တွေ အပါအဝင် လူ ၁၈၀ ပါဝင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့နေ့ကနေ ၅ ရက်မြောက်တဲ့အထိ ယာမာတိုရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့လို့ သူ အသက်ရှင်ဖို့ မျှော်လင့်ချက် နည်းနေပြီလို့ ယူဆခဲ့ကြပေမယ့် ၆ ရက်မြောက်နေ့မှာတော့ ဟိုကိုင်ဒိုင်ကျွန်းရဲ့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက်စခန်းဟောင်းမှာ ယာမာတိုကို တွေ့ရှိခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်ဖို့အတွက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အဆောက်အဦ တံခါးဖွင့်လိုက်ချိန်မှာ ညစ်ပတ်ပေရေနေတဲ့ ကလေးငယ်တစ်ဦးကို တွေ့ခဲ့ပြီး ”မင်း ယာမာတိုလား”လို့ မေးတဲ့အချိန်မှာ ”ဟုတ်ပါတယ်။ ကျွန်တော် ဗိုက်ဆာတယ်”လို့ သူ ပြန်ဖြေခဲ့ပါတယ်။

ယာမာတိုဟာ သူ့မိဘတွေ သူ့ကို ချန်ထားခဲ့တဲ့နေရာကနေ ၃ မိုင်ကွာဝေးတဲ့ နေရာမှာ ပြန်တွေ့ရတာဖြစ်ပြီး သူ့အနေနဲ့ တောနက်ထဲမှာ ခိုနားစရာနေရာ လိုက်ရှာနေတုန်း ရေပဲသောက်ခဲ့ရတယ်လို့ သိရပါတယ်။ ဂျပန်ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ယာမာတိုကို ထမင်းဆုပ်၊ ပေါင်မုန်နဲ့ ရေတိုက်ကျွေးခဲ့ပြီး သူ့ကို ရှာဖွေနေတဲ့အဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။

ယာမာတိုကို ပြန်တွေ့ချိန်မှာတော့ သူ့အဖေက သူ့ရဲ့ ပြင်းထန်လွန်းတဲ့ အပြစ်ပေးမှုကြောင့် သူ့သား စိတ်ထိခိုက်စရာ ကြုံခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး သူ့သားနဲ့ ရှာဖွေရေး အစီအစဉ်မှာ ပါဝင်ခဲ့သူအားလုံးကို တောင်းပန်စကား ဆိုခဲ့ပါတယ်။ ယာမာတိုကို အရေးပေါ်ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ပြီး ကျန်းမာရေး စစ်ဆေးမှုလုပ်ခဲ့ပေမယ့် သူ့ကျန်းမာရေးက စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top