ဒီနေ့ခေတ်မှာလည်း အသုံးတည့်နေဆဲဖြစ်တဲ့ ၁၉၀၀ ခုနှစ်သုံး ဖြတ်လမ်းနည်းအချို့

b5817a495f1906f9366f055b64dcbe67-cooked-lobster-lobster-boil.jpg

အလုပ်တစ်ခုကို လွယ်လွယ်ကူကူနဲ့ ပြီးမြောက်သွားစေမယ့်၊ အချိန်ကုန်သက်သာစေမယ့် ဖြတ်လမ်းနည်းတွေဆိုတာ ရာစုနှစ်များစွာကတည်းက အစဉ်အဆက် သူ့ခေတ် သူ့ဟန်နဲ့ ရှိနေခဲ့တာပါ။ အဲဒီနည်းလမ်းတွေကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းအသုံးပြုလာခဲ့ကြတာကလည်း ဒီနေ့ခေတ်အထိအောင်ပါပဲ။ ပြဿနာတွေအတွက် မြန်မြန်နဲ့ မှန်မှန် ဖြေရှင်းစေနိုင်မယ့် ဖြတ်လမ်းနည်းတွေကို သိထားမယ်သာဆိုရင် တစ်ခါတလေမှာ ကြုံလာရတတ်တဲ့ လုပ်ရခက်မယ့်ကိစ္စလေးတွေနဲ့ ကျန်းမာရေးပြဿနာလေးတချို့ကြောင့် အာရုံမနောက်ရတော့ဘူးပေါ့။ အခုပြောပြမယ့်အကြောင်းအရာကတော့ ၁၉၀၀ ခုနှစ်များကာလတုန်းက စီးကရက်ဗူးခွံတွေထဲမှာ ထည့်သွင်းထားလေ့ရှိတဲ့ “အသုံးတွင်စေတဲ့ ဖြတ်လမ်းနည်း” လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) ချွတ်ရခက်နေတဲ့ လက်စွပ်ကို ကျွတ်အောင်ချွတ်နည်း

ချွတ်ရကြပ်လွန်းနေတဲ့လက်စွပ်ကို လက်ချောင်းမနာမကျင်စေဘဲ ချွတ်နိုင်ဖို့အတွက် ပထမဆုံးလုပ်ရမှာကတော့ လက်ချောင်းကို ဆပ်ပြာနဲ့သုတ်ထားလိုက်ဖို့ပါ။ အဲဒီလိုသုတ်ပြီးချွတ်မယ်ဆိုရင် လက်ဆစ်တွေရောင်ကိုင်းလာတာမျိုး မဖြစ်စေတော့ပါဘူး။ အကယ်၍ ဒီလိုချွတ်ပါလျက် လက်ချောင်းနဲ့ လက်ဆစ်တွေရောင်ကိုင်းလာသေးတယ်ဆိုရင်တော့ လက်ဝတ်ရတနာရောင်းချသူတစ်ဦးဦးဆီ သွားအကူအညီတောင်းဖို့ လိုပါပြီ။ (တချို့ကတော့ လက်ချောင်းကိုအပ်ချည်နဲ့ပတ်ပြီး ချွတ်ကြပါတယ်)

(၂) ဓာတ်ငွေ့ယိုစိမ့်မှုကို ထောက်လှမ်းသိရှိနိုင်ဖို့

ဓာတ်ငွေ့ယိုစိမ့်တဲ့အပေါက်က ဘယ်နေရာမှာဆိုတာကိုသိဖို့ မီးထွန်းပြီးရှာတာက အန္တရာယ်များလွန်းလှပါတယ်။ အခုနည်းလမ်းကတော့ ဘာထိခိုက်မှုမှမရှိစေဘဲ စိတ်ချရတဲ့နည်းပါ။ အဲဒါကတော့ ဓာတ်ငွေ့စိမ့်ထွက်နေတဲ့ ပိုက်ရဲ့အပေါ်မှာ ဆပ်ပြာရည်သာ သုတ်လိုက်တာပါပဲ။ ပူစီပေါင်းလေးတွေပြူထွက်လာတဲ့နေရာဟာ ဓာတ်ငွေ့ယိုစိမ့်နေတဲ့ နေရာဖြစ်ပါတယ်။

(၃) အဖိုးတန်ပန်းအိုးတွေကို အလွယ်တကူမပျက်စီးသွားရအောင် ဘယ်လိုထားမလဲ

ပန်းအိုးထဲကို သဲနည်းနည်းလောက်ထည့်ထားလိုက်မယ်ဆိုရင် တော်ရုံထိခိုက်မှုလောက်နဲ့ အလွယ်တကူလဲကျတာမျိုးကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းက (အထူးသဖြင့်) နှုတ်ခမ်းအဝပိုင်မှားကြီးပြီး အောက်ခြေသေးတဲ့ပန်းအိုးတွေအတွက် ပိုလို့အဆင်ပြေပါတယ်။

(၄) ပုစွန်တုပ် လတ်၊ မလတ်ကို ဘယ်လိုခွဲခြားမလဲ

ချက်ထားတဲ့ ပုစွန်တုပ်ဟင်းတစ်ပွဲကို ဝယ်ပြီဆိုပါတော့… ဟင်းပွဲထဲက ပုစွန်ရဲ့အမြီးကိုဆွဲကြည့်ပြီး ချက်ချင်းပြန်လွှတ်ကြည့်ပါ။ အမြီးက အမြန်ပြန်ကပ်သွားတယ်ဆိုရင် ပုစွန်ကလတ်ဆတ်တယ်လို့ဆိုနိုင်ပြီး ဖြည်းဖြည်းချင်းပဲ ပြန်ကပ်သွားတယ်ဆိုရင်တော့ ဒီပုစွန်တုပ်ကို ချက်ထားတာ ရက်နည်းနည်းကြာနေပါပြီ။

(၅) အိပ်မယ့်အိပ်ရာမှာ ဖုန်တွေများနေလား သိနိုင်ဖို့

တခြားကအိပ်ရာတစ်ခုကို ပြောင်းအိပ်ရတဲ့အခါ အဲဒီအိပ်ရာမှာ ဖုန်တွေရှိနေမယ်ဆို ကျန်းမာရေးအရ အိပ်စက်ဖို့မသင့်တော်ပါဘူး။ ဖုန်တွေရှိ၊ မရှိ အလွယ်တကူသိချင်တယ်ဆိုရင်တော့ လက်ကိုင်မှန်အသေးတစ်လက်ကို အိပ်ရာခင်းစအကြားမှာ မိနစ်နည်းနည်းလောက်ကြာအောင် ညှပ်ထားလိုက်ပါ။ ပြန်ထုတ်ကြည့်တဲ့အခါ မှန်ကဝါးတားတားဖြစ်နေရင် အိပ်ရာမှာ ဖုန်တွေများနေတယ်လို့ ယူဆနိုင်ပါတယ်။

(၆) ရေခဲမသုံးပဲ ဝိုင်ပုလင်းကို အေးအောင်လုပ်နည်း

ဝိုင်ပုလင်းကို အအေးခံဖို့ ရေခဲမရှိဘူးလား… မပူပါနဲ့။ ဝိုင်ပုလင်းကို ဖလန်နယ်စတစ်စနဲ့ ပတ်လိုက်ပါ။ ပြီးရင် မြေအိုးတစ်လုံးထဲကိုထည့်၊ ရေပိုက်ခေါင်းအောက်မှာထားပြီး ရေဖွင့်ချထားလိုက်ပါ။ ဆယ်မိနစ်လောက်ဆို ဝိုင်အေးအေးလေးကို သောက်သုံးနိုင်ပါပြီ။

(၇) ပေါင်မုန့်ချပ်ပါးပါးလေးတွေ လှီးနိုင်ဖို့

ပေါင်မုန့်တုံးကြီးကနေ ပေါင်မုန့်ချပ်ပါးပါးလေးတွေရအောင် ခဲရာခဲဆစ်လှီးပေမဲ့ မရဘူးဖြစ်နေလား။ ပေါင်မုန့်လှီးမယ့်ဓားကို ရေနွေးထဲမှာစိမ်၊ ပြန်ထုတ်၊ ရေခြောက်အောင်သုတ်ပြီးရင် လိုချင်တဲ့ ပေါင်မုန့်ချပ်ပါးပါးလေးတွေရအောင် လှီးနိုင်ပါပြီ။

(၈) လေတိုက်နေတဲ့နေရာမှာ မီးခြစ်ဆံကို မီးညှိနိုင်ဖို့

လေတိုက်ထဲမှာ မီးတောက်လာအောင်ခြစ်ဖို့ဆိုတာက တော်တော်လေးမလွယ်တဲ့အလုပ်ပါ။ ဒါပေမဲ့ မီးခြစ်ဆံကို ပုံမှာပြထားသလိုမျိုး အစလေးတွေ လှီးပြီးမှ မီးခြစ်ကြည့်လိုက်ပါ။ မီးခြစ်ဆံနဲ့ မီးခတ်လိုက်တဲ့အခါ လှီးခွာထားတဲ့ အစလေးတွေက မီးစွဲတာကို မြန်ဆန်စေမှာဖြစ်ပြီး ချက်ချင်းပြန်ငြိမ်းမသွားနိုင်တဲ့ မီးတောက်ကြီးကြီးကိုလည်း ရစေပါလိမ့်မယ်။

Ref: Pinterest “Survival Tips From The 1900s That Are Still Brilliant Today”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top