ကင်ဆာရောဂါသည်များ ဆေးကုသနိုင်ရန် ကိုယ်ပိုင်လေယာဉ် စေလွှတ်ပေးခဲ့တဲ့ အဆိုတော် ပစ်ဘူးလ်

pitbull_rapper_145207840.jpg

အမေရိကန် ရက်ပါအဆိုတော် ပစ်ဘူးလ် (Pitbull) ဟာ ကာရေဘီယန်ဒေသအတွင်းရှိ ပွာတိုရီကို ဒေသတွင်းမှ ကင်ဆာရောဂါသည်များ အမေရိကန်နိုင်ငံမှာ လာရောက်ကုသမှုခံယူနိုင်စေရန် သူ့ရဲ့ ကိုယ်ပိုင်လေယာဉ်ကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။

ပွာတိုရီကိုဒေသဟာ အမေရိကန်ရဲ့ ပိုင်နက်ဖြစ်ပေမဲ့ တရားဝင်ကြေညာထားတဲ့ ပိုက်နက်မဟုတ်ပါဘူး။ ဒါပေမဲ့ ပွာတိုရီကို ဒေသခံများဟာ  အမေရိကန်သားများဖြစ်ကြပြီး အမေရိကန်နိုင်ငံကို လွတ်လပ်စွာ သွားလာခွင့် ရှိကြပါတယ်။

နာမည်ရင်း အာမန်ဒို ခရစ်စ္စတန် ပီရက်ဇ် (Armando Christian Perez) ဖြစ်တဲ့ အဆိုတော် ပစ်ဘူးလ်ရဲ့ ယခုလိုစေတနာကြောင့် ပွာတိုရီကိုမှ ဒေသခံများနဲ့ အစိုးရဝန်ထမ်းများမှ ချီးကျူးခဲ့ကြပါတယ်။ Billboard ဇယား ထိပ်ဆုံးပိုင်းမှာ ရပ်တည်ခဲ့တဲ့ သီချင်း On The Floor ကို ဂျနီဖာလိုပဇ်နဲ့ တွဲဆိုခဲ့ပါတယ်။

“ကျွန်တော် ကူညီခွင့်ရခဲ့တဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် လုပ်ရမယ့်အပိုင်းလေးကိုသာ လုပ်ခဲ့တာဖြစ်ပါတယ်။ ”လို့  အင်္ဂါနေ့က Daily News နဲ့တွေ့ဆုံစဉ်မှာ ပစ်ဘူးလ်က ပြောဆိုခဲ့ပါတယ်။

ပွာတိုရီကို ကျွန်းတစ်ကျွန်းလုံးဟာ ဟာရီကိန်းမုန်တိုင်း မာရီယာ တိုက်ခတ်ပြီးတဲ့နောက်ပိုင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။ ဟာရီကိန်းမုန်တိုင်းကြောင့် ပွာတိုရီကိုဒေသခံ သန်းပေါင်းများစွာဟာ သောက်ရေ၊ အစားအစာ၊ လောင်စာနဲ့ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်တဲ့ ဒဏ်ကို ခံစားနေကြရပါတယ်။ ပွာတိုရီကိုရှိ ဆေးရုံ ၆၉ ရုံအနက် ၁၁ ရုံဟာ လျှပ်စစ်ပြတ်တောက်ခဲ့တဲ့အတွက် လူနာများကို ကုသဖို့ ခက်ခဲနေတာကြောင့် ကင်ဆာရောဂါသည်များ ဓာတ်ကင်ကုထုံးကုသမှု ခံယူနိုင်ဖို့ ပစ်ဘူးလ်က လေယာဉ်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းသင့်ဒေသခံများကို ပစ်ဘူးလ်နဲ့အတူ ပူးတွဲကူညီနေတဲ့ ဂျနီဖာ လိုပဇ်ကတော့ မုန်တိုင်းသင့်ပြည်သူများအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပြီး ပြည်သူများကိုလည်း တတ်နိုင်သလောက် ကူညီကြဖို့ မေတ္တာရပ်ခံထားပါတယ်။

“ကျွန်မနဲ့အတူ ကူညီနေကြတဲ့ လူတွေရဲ့ စိတ်ထဲမှာ ရှိတာကတော့ ကျွန်မတို့ တတ်နိုင်သမျှ မုန်တိုင်းသင့်ဒေသက ပြည်သူတွေကို ကူညီဖို့ပါပဲ။ ကျွန်မတို့ရဲ့ ကျွန်းဖြစ်တဲ့ ပွာတိုရီကိုဟာ ကျွန်မတို့ မြင်ဖူးသမျှ အားအကောင်းဆုံးမုန်တိုင်း နှစ်ခုဖြစ်တဲ့ အီမာနဲ့ မာရီယာတို့တိုက်ခတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အခု ပွာတိုရီကိုဒေသက ကျွန်မတို့ရဲ့ အကူအညီလိုအပ်နေပါပြီ ”လို့ နယူးယောက်မှာ ပြုလုပ်တဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ပွာတိုရီကို ဒေသကို သွားရောက်ဖို့ အစီအစဉ်ရှိနေပေမဲ့ အခြေခံအဆောက်အဦးတွေ ဆိုးရွားစွာပျက်ဆီးမှုကြောင့် ရက်စွဲအတိအကျကိုတော့ မထုတ်ပြန်နိုင်သေးဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

Ref : CNN News : Pitbull sends his private plane to Puerto Rico so cancer patients can get chemo in the US mainland

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top