ONE: Age of Dragons ပြိုင်ပွဲတွင် အကောင်းဆုံး လက်စွမ်းပြ အနိုင်ယူခဲ့သူ ၄ ဦး

yyl-030-7.jpg

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ONE: Age of Dragons ပြိုင်ပွဲကြီးသည် ယခုနှစ် အတွင်း အာရှ အကောင်းဆုံး ကိုယ်ခံပညာ ပြိုင်ပွဲကြီး တစ်ခု ဖြစ်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် တွဲဆိုင်းပေါင်း ၁၁ တွဲ ယှဉ်ပြိုင် ခဲ့ကြရာတွင် ကစားသမား ၁၁ ဦးက ၎င်းတို့ ပြိုင်ဘက်များကို အသီးသီး အနိုင်ယူ ခဲ့ကြသည်။ အဆိုပါ ကစားသမား များထဲမှ အကောင်းဆုံး လက်စွမ်းပြပြီး အနိုင်ယူခဲ့သည့် ONE Championship ကစားသမား ၄ ဦး အကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။

(၁) Roman Kryklia

ONE Championship ၏ ပထမဆုံး လိုက်ဟဲဗီးဝိတ်တန်း Kickboxing ချန်ပီယံလုပွဲတွင် မော်ရိုကိုသား Tarik “The Tank” Khbabez ကို ဒုတိယ အချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့သော Roman Kryklia သည် အကောင်းဆုံး လက်စွမ်းပြခဲ့သော ကစားသမား ဖြစ်သည်။ အသက် ၂၈ နှစ် အရွယ် ယူကရိန်းသားသည် ၂ဝ၁၅ ခုနှစ်က Khbabez အား ရှုံးနိမ့်ခဲ့မှုကို ပြန်လည် လက်တုံ့ပြန် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ONE Championship တွင် ၄ ပွဲဆက်တိုက် အနိုင်ရထားသည့် Khbabez မှာမူ ထင်မှတ် မထားသည့် ဆိုးဆိုးရွားရွား ရှုံှုးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

Khbabez သည် ပွဲစကတည်းက ၎င်းထက် အရပ်အမောင်း ခြေဆံလက်ဆံ ပိုမို အားသာသည့် Kryklia ကို အနီးကပ် ဝင်လုံး ထိုးကြိတ် နိုင်ရန် ဆက်တိုက် ကြိုးပမ်းခဲ့သည်။ သို့သော် Kryklia ကလည်း ပြိုင်ဘက်၏ ရည်ရွယ်ချက်ကို ကောင်းစွာ ရိပ်စားမိ သဖြင့် လူချင်း အပူးမခံဘဲ အဝေးမှ လက်သီးချက် များဖြင့် ဖိအားပေး ခဲ့သည်။ ဒုတိယ အချီတွင်လည်း Khbabez က ယင်းဗျူဟာကိုသာ ဆက်သုံး နေခဲ့သဖြင့် Kryklia အတွက် ပိုမိုလွယ်ကူ သွားစေခဲ့ပြီး ပြိုင်ဘက်၏ ဦးခေါင်းပိုင်းကို ပြင်းထန်သည့် လက်သီးချက်များ ထိမိစွာ ထိုးကြိတ် လှဲချ နိုင်ခဲ့သဖြင့် ဒိုင်များက Khbabez ကို နှစ်ကြိမ်တိုင်တိုင် အမှတ်စဉ် ရေတွက်ခဲ့ရသည်။ တတိယ အကြိမ် လဲကျသွားသည့် အခါတွင်မူ ဒိုင်များက ဆက်ထိုးခွင့် မပေးတော့ဘဲ Kryklia ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ပေး ခဲ့သည်။

(၂) Jamal Yusupov

ရုရှားကစားသမား Jamal “Kherow” Yusupov အတွက် ယခုပြိုင်ပွဲတွင် “The Boxing Computer” Yodsanklai IWE Fairtex ကို အလဲထိုး အနိုင်ယူ လိုက်ခြင်းသည် ၎င်း၏ ကစားသမား ဘဝ တစ်လျှောက် အပြောင်မြောက်ဆုံး စွမ်းဆောင် နိုင်ခဲ့မှု ဟုပင် ဆိုနိုင်သည်။ ဘယ်သန် ကစားသမား နှစ်ယောက် အားပြိုင်ခဲ့သည့် အဆိုပါ ပွဲတွင် မွေထိုင်း လောက၏ အကောင်းဆုံး ကစားသမား တစ်ဦး ဟုပင် သတ်မှတ် ခံထားရသည့် Yodsanklai ဒုတိယ အချီတွင် အလဲထိုး ခံလိုက်ရခြင်းက ကမ္ဘာ့ မွေထိုင်း ပရိသတ်များ အားလုံးကို အကြီးအကျယ် အံ့အားသင့် စေခဲ့သည့် ဖြစ်ရပ် ဖြစ်သည်။

ပွဲအစပိုင်းတွင် Yodsanklai သည် ပြိုင်ဘက်ကို ခြေကန်ချက်များဖြင့် တောက်လျှောက် ဖိအားပေးခဲ့ပြီး ၎င်း၏ ထင်မှတ် မထားသည့် လက်သီးချက် ကြောင့်လည်း Yusupov ညာမျက်ခုံး ကွဲသွားခဲ့သည်။ သို့သော် ယခုပွဲတွင် Yodsanklai အားသန်သည့် ဘယ်လက်သီး ချက်များသည် Yusupov ၏ အကာအကွယ်ကို ထိထိရောက်ရောက် မထိုးဖောက် နိုင်ခဲ့သည်ကို တွေ့ရသည်။ ဒုတိယ အချီတွင်မူ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင် နေသည့် Yodsanklai ကို Yusupov က တန်ပြန်တိုက်စစ် ကောင်းစွာ ပြန်ကစား နိုင်ခဲ့ပြီး ပွဲချိန် ၂ မိနစ်ခွဲ ခန့်တွင် ပွဲကို အဆုံးအဖြတ် ပေးမည့် အခိုက်အတန့် တစ်ခု ပေါ်ပေါက်ခဲ့သည်။ Yodsanklai က Yusupov ကို ဘယ်ခြေဖြင့် လှမ်းကန်ရင်း ဟန်ချက်ပျက် သွားသည့် အချိန် Yususpov က ဘယ်ညာ တွဲလုံးများ မနားတမ်း ထိုးနှက်ခဲ့ရာ ကြမ်းပေါ် လဲကျပြီး ပြန်မထ နိုင်တော့ဘဲ ရှုံးနိမ့်သွားခဲ့ ရသည်။

(၃) Meng Bo

အမိမြေတွင် ယှဉ်ပြိုင့်ခွင့် ရခဲ့သည့် တရုတ် အမျိုးသမီး ကစားသမား Meng Bo သည်လည်း ပြိုင်ဘက် ဝါရင့် ကစားသမားကြီး Laura “La Gladiadora” Balin ကို ပထမ အချီဖြင့်ပင် အလဲထိုးကာ အကောင်းဆုံး လက်စွမ်းပြနိုင်သည့် ကစားသမား ဖြစ်ခဲ့သည်။ အသက် ၂၃ နှစ် ရှိသူ Meng Bo သည် ၎င်း၏ ပထမဆုံး ONE Championship ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ပြီး ပြိုင်ဘက်ကို ၂ မိနစ်နှင့် ၄၅ စက္ကန့်အတွင်း အနိုင်ယူနိုင် ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းပွဲတွင် Balin ဘက်က ပွဲစသည်နှင့် ပြိုင်ဘက်ကို အတင်းဝင် အတင်းလုံးပြီး မြန်မြန်ဆန်ဆန် ဖိအားပေး ကစားခဲ့သော်လည်း Meng Bo က Balin ကို ကြမ်းပေါ်လှဲချကာ ထိန်းချုပ်ခဲ့သည်။ အောက်တွင် အဖိခံထားရသည့် Balin သည် Meng Bo ၏ နောက်ကျောမှ ချုပ်၍ ကစားသည့် ချက်ကွက်ကို မရုန်းထွက် နိုင်ခဲ့ဘဲ အချိန်အတော် ကြာခဲ့သည်။ သို့သော်လည်း Balin က Meng Bo ၏ တိုက်ခိုက်မှုကို ခုခံကာ ကြမ်းပေါ် မတ်မတ်ရပ်ပြီး တိုက်စစ် ပြန်ကစားခဲ့သဖြင့် ပွဲကအကြိတ်အနယ် ပြန်ဖြစ်ခဲ့သည်။ နောက်ဆုံးတွင်မှ Meng Bo ၏ ဘယ်ဝိုက် လက်သီးက Balin ပါးချိတ်ကို ထိထိမိမိ ထိုးနှက်နိုင်ခဲ့ပြီး ကြမ်းပေါ်လဲကျစေကာ ဆက်တိုက် ဖိထိုး အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

(၄) Christina Breuer

ဂျာမနီ နိုင်ငံမှ အမျိုးသမီး Kickboxing ကစားသမား Christina Breuer သည်လည်း ယခုပွဲတွင် သမိုင်းတွင်မည့် အောင်ပွဲ တစ်ခုကို ရရှိခဲ့သည်။ ယင်းပွဲမှာ Breuer သည် ပွဲပေါင်း ၅ဝ ကျော် ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိသည့် Jorina “Jojo” Baars ကို အမှတ်ဖြင့် အနိုင်ယူခဲ့ပြီး ပထမဆုံး ရှုံးပွဲကြုံစေ ခဲ့ခြင်း ဖြစ်သည်။ Baars အတွက် ယင်းပွဲ ရှုံးနိမ့်ခဲ့ခြင်းက အထိအနာဆုံး ရှုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး ၎င်း၏ ရှုံးပွဲမရှိ မှတ်တမ်းကောင်း ကိုပါ ပျက်စီးစေခဲ့သည်။

ပထမ အချီတွင် Baars ၏ လက်သီးချက်များက ပြိုင်ဘက်ကို ထိရောက်စွာ ခြိမ်းခြောက်နိုင်ခဲ့ သော်လည်း Breuer က ခံစစ်နှင့် တန်ပြန် တိုက်စစ်ပုံစံ ကစားခဲ့သဖြင့် လက်ညီနေခဲ့သည်။ အသက် ၂၂ နှစ်ရှိသူ Baars သည် Breuer ၏ လက်သီးချက်၊ ခြေကန်ချက် များကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပြီး ဒုတိယ အချီနှင့် တတိယ အချီများတွင် Breuer ဘက်မှ ပိုမိုဖိအားပေး လာနိုင်ခဲ့သည်။ ထို့ကြောင့် ပွဲအပြီးတွင် ဒိုင် ၁ ဦးက Baars ကို အနိုင်ပေးခဲ့သော်လည်း ကျန် ၂ ဦးက Breuer ကို အနိုင်ပေးခဲ့သဖြင့် Baars ၏ ပထမဆုံး ရှုံးပွဲကို ကြုံတွေ့ခဲ့ရသည်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top