ပရိသတ်တွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ Spoiler Alert

18.11.2019-1.jpg

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးတစ်ပုဒ်နဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတစ်ခုနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြား အငြင်းပွားခဲ့ကြပါတယ်။ ရုံတင်ပြသနေဆဲ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဇာတ်လမ်းဇာတ်ကွက်တွေ ပေါ်အောင် ရေးသားခဲ့တယ်ဆိုပြီး အဲဒီမီဒီယာရဲ့လုပ်ရပ်ကို ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်က ရုံတင်ပြသခဲ့တဲ့ အဲဒီရုပ်ရှင်ကားဟာ ထုတ်လုပ်မှုကုန်ကျစရိတ် ကျပ်သိန်း ၇၅၀၀ ကျော်ရှိပြီး ဇာတ်လမ်းဇာတ်ကွက်ပေါ်အောင် ရေးသားဖော်ပြတဲ့အတွက် ထိခိုက်နစ်နာခဲ့ရတယ်လို့ ဒါရိုက်တာက ပြောပါတယ်။

သူတို့ရဲ့ ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးမှာ ဇာတ်လမ်းဇာတ်ကွက်တစ်ခုမကျန် ဖော်ပြခဲ့တာမျိုးမရှိဘူး၊ ရုံတင်ပြသချိန် ၉ ရက်ရှိနေတဲ့ ရုပ်ရှင်ကားတစ်ကားကို မျှမျှတတ ဝေဖန်ရေးသားတာဖြစ်လို့ စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်ရာမရောက်ဘူးလို့ အဲဒီမီဒီယာရဲ့ အယ်ဒီတာအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အကြိုပွဲ ပြသကတည်းက ဇာတ်လမ်းဇာတ်ကွက်တွေ ပေါ်လွင်အောင် မရေးဖို့ မေတ္တာရပ်ခံထားတယ်လို့ ရုပ်ရှင်ထုတ်လုပ်ရေးက ဆိုပါတယ်။

ဒီဖြစ်ရပ်မှာ ဒွိဟဖြစ်စရာတွေ ရောထွေးနေတယ်လို့ ဆိုရမှာပါ။ ရုံတင်ပြီးသား ဇာတ်ကားတစ်ခုကို ဝေဖန်ရေးသားခွင့်ရှိပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို ပေါ်လွင်အောင် ရေးသားတာမျိုးကတော့ ပရိသတ်တွေရဲ့ အခြေခံရပိုင်ခွင့်ကို ချိုးဖောက်ရာရောက်ပါတယ်။ ဒီနေရာမှာ Spoiler ဆိုတဲ့ စကားလုံးအကြောင်း ပြောချင်ပါတယ်။ Spoiler ဆိုတာ ဇာတ်လမ်းကြိုပြောတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ရုပ်ရှင် ဒါမှမဟုတ် စာအုပ်ကို ကြည့်ပြီးသား၊ ဖတ်ပြီးသားသူက မကြည့်ရ၊ မဖတ်ရသေးတဲ့သူကို အရသာပျက်သွားအောင် လုပ်တာလို့ ဆိုလိုပါတယ်။ အဲဒါကြောင့် ဇာတ်ကားတစ်ကောင်း၊ စာအုပ်တစ်အုပ်အကြောင်း ရေးတဲ့အခါ အရသာပျက်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်(Spoiler Alert)လို့ ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။

Spoiler Alert ဆိုတဲ့ စကားလုံးကတော့ ၁၉၈၂ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့တာပါ။ Star Trek ရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ The Wrath of Khan ဇာတ်ကားနဲ့အတူ အဲဒီစကားလုံး ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကား ဒါမှမဟုတ် စာအုပ်တစ်အုပ်ကို အညွှန်းရေးတဲ့အခါ၊ အနုပညာဝေဖန်ရေးလုပ်တဲ့အခါ Spoiler ဖြစ်သွားတတ်ပါတယ်။ အညွှန်းဖတ်လိုက်တာနဲ့ အားလုံးသိပြီးသလို ဖြစ်သွားရင် ရုပ်ရှင်ကြည့်ရတာ၊ စာအုပ်ဖတ်ရတာ အရသာပျက်သွားမှာပါ။

အဲဒီအတွက် နိုင်ငံတကာမှာတော့ Spoling Ethics ဆိုတဲ့ ကျင့်ဝတ်ပြဋ္ဌာန်းဖို့ ရေးဆွဲမှုတွေ ရှိပါတယ်။ Spoiling လုပ်တဲ့အခါ စိတ်လှုပ်ရှားပိုင်ခွင့်(The Right to Surprise)နဲ့ ဆွေးနွေးငြင်းခုံပိုင်ခွင့်(The Right to Debate)ဆိုတဲ့ အချက်(၂)ချက်ကြား ဟန်ချက်ညီဖို့ လိုပါတယ်။ ရုပ်ရှင်ကား ဒါမှမဟုတ် စာအုပ်တစ်အုပ်ကို ကိုယ်ကြည့်ပြီးပြီ၊ ဖတ်ပြီးပြီဆိုရင် အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုံပိုင်ခွင့်ရှိပေမဲ့ မကြည့်ရ၊ မဖတ်ရသေးသူတွေရဲ့ စိတ်လှုပ်ရှားပိုင်ခွင့်ကို လေးစားဖို့လိုပါတယ်။ ဒါဟာ ပရိသတ်တွေရဲ့ အခြေခံရပိုင်ခွင့်ပါပဲ။ အဲဒီအတွက် အခုကိစ္စမှာ ဝေဖန်ရေးသားတာ မမှားပေမဲ့ ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားပိုင်ခွင့်ကို ထိခိုက်စေတယ်လို့ ဆိုရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top