အမေရိကန် ကင်းထောက်မောင်းသူမဲ့ယာဉ်ကို အီရန်နိုင်ငံ ပစ်ချ

64617538_2438796389484600_4102863794080841728_n.jpg

ဟော်မုဇ်ရေလက်ကြားပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန်စစ်တပ်ရဲ့ ကင်းထောက်မောင်းသူမဲ့ယာဉ်တစ်စင်းကို အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့က ပစ်ချခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ ကင်းထောက်မောင်းသူမဲ့ယာဉ်ဟာ အီရန်နိုင်ငံ လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသက်စောင့်တပ်ဖွဲ့က ပြောထားပြီး ဒီဖြစ်ရပ်က အမေရိကန်နိုင်ငံကို ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပါးလိုက်တာလို့ ဆိုပါတယ်။

ပစ်ချခံရချိန်မှာ ကင်းထောက်မောင်းသူမဲ့ယာဉ်က နိုင်ငံတကာရေပိုင်နက်ပေါ်မှာ ရှိနေတယ်လို့ အမေရိကန်စစ်တပ်က ဆိုခဲ့ပြီး ရန်စတဲ့တိုက်ခိုက်မှုလို့ မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန်နဲ့ အီရန်နိုင်ငံကြား တင်းမာမှုမြင့်တက်နေချိန်မှာ အခုလိုဖြစ်ရပ်မျိုး ကြုံခဲ့တာပါ။ အီရန်တပ်ဖွဲ့တွေရဲ့ ရန်လိုတဲ့ အပြုအမူကို တုံ့ပြန်ဖို့အတွက် အရှေ့အလယ်ပိုင်းဒေသကို နောက်ထပ်စစ်သည် ၁၀၀၀ စေလွှတ်သွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ လေယာဉ်တင်သင်္ဘောတွေနဲ့ B-52 ဗုံးကြဲလေယာဉ်တွေလည်း စေလွှတ်ထားပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဟော်မုဇ်ရေလက်ကြားဘေးကပ်လျက် တည်ရှိတဲ့ အိုမန်ပင်လယ်ကွေ့မှာ အီရန်နိုင်ငံက ရေနံတင်သင်္ဘော (၂) စင်းကို
ဗုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အီရန်နိုင်ငံကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ တုံ့ပြန်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top