မက်ဆီနဲ့ သူ့ရဲ့ဆက်ဆံရေးက အိမ်ထောင်သက်ကြာတဲ့ လင်မယားတွေအတိုင်းပဲလို့ အဂွေရို ပြော

13-10-2020-yyl-012-1.jpg

အာဂျင်တီးနားအသင်းအတွက် ကစားပေးရလို့ မက်ဆီနဲ့ တစ်ခန်းထဲ နေကြတဲ့အခါ သူတို့ ၂ ယောက်ရဲ့ ဆက်ဆံရေးက အိမ်ထောင်သက်ကြာလာတဲ့ လင်မယားတွေအတိုင်းပဲလို့ အာဂျင်တီးနား အသင်းဖော် အဂွေရိုက ပြောပါတယ်။ မက်ဆီက ၂၀၀၅ ခုနှစ်မှာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ပါဝင်ခွင့်ရခဲ့ပြီး မန်စီးတီးတိုက်စစ်မှူး အဂွေရိုကတော့ နောက်တစ်နှစ်အကြာမှာ အာဂျင်တီးနား လက်ရွေးစင် ဖြစ်လာတာပါ။ သူတို့နှစ်ယောက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ရပ်၊ ကိုပါအမေရိက ပြိုင်ပွဲ ၄ ရပ် ကစားခဲ့ဖူးပြီး ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ရွှေတံဆိပ် ရယူပေးနိုင်ခဲ့ပါတယ်။

ပေါင်းလာတဲ့ နှစ်တွေကြာလာတော့ မက်ဆီနဲ့ သူ့ကြား ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိလဲလို့ မေးမြန်းရာမှာ အဂွေရိုက အခုလို ဖြေခဲ့တာပါ။ ” သူက အမြဲတမ်း တဖြစ်တောက်တောက် ပြောနေတာ။ အိမ်ထောင်သက်ကြာလာတဲ့ လင်မယားတွေလိုပဲ။ သူနဲ့ တစ်ခန်းတည်းနေတဲ့အခါ ကျွန်တော်က တီဗီဖွင့်ထားရင်း အိပ်ပျော်သွားတယ်။ နောက်နေ့မနက် အိပ်ရာနိုးတာနဲ့ သူက တီဗီမပိတ်ရကောင်းလားဆိုပြီး ပြောတော့တာပဲ။ သူက အသင်းဟိုတယ်ကို ရောက်တာနဲ့ ချက်ချင်းရေချိုးတယ်။ ကျွန်တော်ကတော့ ဖုန်းပြောတတ်တယ်။ ပြီးရင် သူက အောက်ဆင်းပြီး ညစာစားမယ်၊ အချိန်သိပ်မရှိဘူးလို့ ကျွန်တော့်ကို သတိပေးတော့တာပဲ” လို့ အဂွေရိုက ပြောပါတယ်။

မက်ဆီဟာ အီကွေဒေါကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် (၇၁)ဂိုးမြောက် သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ (၂၁)ဂိုး သွင်းယူနိုင်တဲ့ မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ အဂွေရိုကတော့ အာဂျင်တီးနားလက်ရွေးစင်အသင်းသမိုင်း တစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းမှာ ဘာတစ္စတူတာ၊ မက်ဆီတို့ရဲ့နောက် တတိယနေရာ ရပ်တည်နေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top