အာဂျင်တီးနားဘက်ကို မိုက်ကယ်အိုဝင် သွင်းယူခဲ့တဲ့ဂိုးကို မြင်ကတည်းက ပရီးမီးယားလိဂ်မှာ ကစားချင်ခဲ့တာလို့ အဂွေရို ပြော

5-5-2020-yyl-042.jpg

၁၉၉၈ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဘက်ကို အင်္ဂလန်တိုက်စစ်မှူး မိုက်ကယ်အိုဝင် သွင်းယူခဲ့တဲ့ဂိုးကို မြင်ရချိန်ကတည်းက ပရီးမီးယားလိဂ်မှာ ကစားချင်ခဲ့တာလို့ မန်စီးတီးတိုက်စစ်မှူး အဂွေရိုက ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ အက်သလက်တီကိုကနေ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ အဂွေရိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာတော့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ ၁၇၅ ဂိုးစံချိန်ကို ချိုးဖျက်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ပြည်ပကစားသမားအဖြစ် စံချိန်တင်ခဲ့သူပါ။

” ကလေးဘဝမှာ မိုက်ကယ်အိုဝင်ကို အားကျခဲ့တာပါ။ ဒါကို အမြဲတမ်းပြောဖြစ်တယ်။ စာအုပ်ထဲမှာတောင် ထည့်ရေးထားတယ်။ သူက လူကောင်သေးလို့ သူ့ကို သဘောကျတာပါ။ သူက ကျွန်တော့်လိုပဲ နံပါတ် ၁၀ ယူထားပြီး တိုက်စစ်မှူးနေရာယူထားသူပါ။ သူ့လို လူကောင်ညှက်တဲ့ ကစားသမားတောင် ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ရင် ငါလည်း လုပ်နိုင်မှာပဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးတယ်။ အဲဒီလို စိတ်ကူးယဉ်နေတုန်းက ကျွန်တော့်အသက် ၉ နှစ်၊ ၁၀ နှစ်လောက်ပဲ ရှိပါသေးတယ်။ အဲဒီဂိုးကို တွေ့လိုက်ရတော့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်သွားတယ်”လို့ အဂွေရိုက ပြောပါတယ်။

၁၉၉၈ ကမ္ဘာ့ဖလားမှာ အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ မိုက်ကယ်အိုဝင်က အာဂျင်တီးနားခံစစ်ကြောင်းကို တစ်ကိုယ်တော်ထိုးဖောက်ပြီး အပေါ်ထောင့်ကန်ချက်နဲ့ ဂိုးသွင်းခဲ့တာပါ။ အဲဒီပွဲမှာ သာမန်ပွဲချိန်အတွင်း ၂ ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီမှာတော့ အင်္ဂလန်အသင်း ၄-၃ ဂိုးနဲ့ ရှုံးလို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အဂွေရိုဟာ မန်စီးတီးအတွက် ၉ နှစ် ကစားချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၈၀ သွင်းယူနိုင်ခဲ့ပြီး ဆုဖလား ၁၄ လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top