အိမ်ကွင်းမှာ တဖက်သတ်ဖြစ်ခဲ့ပြီး ဂိုးပြတ်ရှုံးခဲ့တဲ့ မန်ယူနိုက်တက်

30.10.23-yyl-1.jpg

မန်ယူနိုက်တက် ဝ-၃ မန်စီးတီး

အိမ်ကွင်းပွဲစဉ်၊ အခါးသီးဆုံး မြို့ခံပြိုင်ဘက် (၂)သင်း တွေ့တဲ့ပွဲစဉ် ဖြစ်ပေမဲ့ မန်ယူက မန်စီးတီးကို အဘက်ဘက်က မယှဉ်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ တွမ်မီနေးရဲ့ ကန်ချက်တွေနဲ့ မန်စီးတီးဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမဲ့ မန်စီးတီးကပဲ အဖွင့်ဂိုး ရခဲ့တာပါ။

အငြင်းပွားဖွယ် ပင်နယ်တီကနေ ဟာလန်းက အဖွင့်ဂိုး သွင်းခဲ့တာပါ။ မန်စီးတီးဟာ အိုးထရက်ဖို့ဒ်မှာ လာရောက်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၇)ပွဲအတွင်း ပထမဆုံးအကြိမ် ပင်နယ်တီ ရရှိမှုဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဘာနာဒိုဆေးလ်ဗားရဲ့ ပေးပို့မှုကို ဟာလန်းက ခေါင်းတိုက်ပြီး ဒုတိယဂိုး ထပ်သွင်းခဲ့သလို ဖိုဒင်သွင်းတဲ့ဂိုးကိုလည်း ဟာလန်းကပဲ ဖန်တီးပေးခဲ့တာပါ။

မန်ယူရဲ့ ခံစစ်ဟာကွက်တွေကြောင့် မန်စီးတီးဟာ အပိုင်အခွင့်အရေး ၇ ကြိမ်လောက် ရခဲ့ပြီး အိုနာနာ ကာကွယ်နိုင်တာ၊ မန်စီးတီး အဆုံးသတ်မသေချာတာတွေကြောင့်သာ ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းကတော့ မန်ချက်စတာဒါဘီပွဲစဉ်(၃)ပွဲ ကစားပြီးချိန်မှာပဲ ဂိုးပါဝင်ပတ်သက်မှု (ဂိုး + ဂိုးဖန်တီးမှု) ၈ ကြိမ်အထိ လုပ်နိုင်ခဲ့ပြီး မန်ချက်စတာဒါဘီမှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံး လုပ်ထားတဲ့ ရိုင်ယန်ဂစ် (၂၉ ပွဲကစား)ကို မီဖို့ ၅ ကြိမ်ပဲ လိုပါတော့တယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ် အဝေးကွင်း ၂၃ ပွဲကစားပြီးချိန်မှာ အဝေးဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ် စံချိန်သစ်လည်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top