အဆီကို မြန်မြန်နဲ့ မှန်မှန်လေး ကျစေမယ့် အဓိကအချက် (၃) ချက်

2-6-2020-yyl-003.jpg

အခုခေတ်မှာ ဝိတ်ကျဖို့ဆိုတာ ပျိုမေတိုင်းအတွက် အိပ်မက်ပန်းတိုင်တစ်ခုလို ဖြစ်နေပါပြီ။ ဝရင်မလှဘူး၊ ပိန်မှ လှတယ်ဆိုတဲ့ အယူအဆတွေဆိုတာလည်း ပတ်ဝန်းကျင်မှာ အမြဲ ကြားနေကျဆိုတော့ ကျန်းမာရေးထက် အလှအပကို ပိုဦးစားပေးတဲ့အနေနဲ့ ဝိတ်ချဖို့ကို အပြင်းအထန် လုပ်လာကြတော့တာပါပဲ။ တကယ်တော့ လူတစ်ယောက် ပိန်တယ်၊ ဝတယ်၊ ဝိတ်ကျတယ်၊ မကျဘူးဆိုတာထက် ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင် ကိုယ့်အသက်အရွယ်၊ အရပ်အမြင့်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် ရှိနေဖို့သာ အရေးကြီးတာပါ။

ပိန်လွန်းရင်လည်း အဝတ်အစား ဝတ်တဲ့အခါ ကြည့်မကောင်းသလို အာဟာရဓာတ် နည်းပါးတာ၊ ကိုယ်ခံအား နည်းတာ၊ အလွယ်တကူ ဖျားနာ၊ ရောဂါဖြစ်လွယ်နိုင်ပါတယ်။ ဝလွန်းပြန်ရင်လည်း သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ ဒါ့အပြင် သွေးတွင်း အဆီဖုံးခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း၊ တစ်ခုခု အလုပ်လုပ်ပြီဆိုရင် လူက မောပြီး ပင်ပန်းလာတာ စတဲ့ ပြဿနာတွေနဲ့လည်း ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ယောက်ျားလေးပဲ ဖြစ်စေ၊ မိန်းကလေးပဲ ဖြစ်စေ၊ ကိုယ့်အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာတော့ အကောင်းဆုံးပဲ ဖြစ်မှာပါ။
ဒါဆို ခုဆောင်းပါးလေးမှာ ကိုယ်အလေးချိန် များလွန်းလို့ လျှော့ချဖို့ စဉ်းစားနေသူတွေအတွက် နေ့စဉ် လိုက်နာသင့်တဲ့ အချက် (၃) ချက်ကို ကျွန်တော်က ပြောပြပေးချင်ပါတယ်။ ဒီအချက်က ဝိတ်ချချင်သူတိုင်း သိထားသင့်သလို နေ့တိုင်း သေချာလေး လုပ်ပေးမယ်ဆိုရင် မှန်မှန်နဲ့ မြန်မြန် ဝိတ်ကျနိုင်သလို ကျန်းမာရေးကိုလည်း ဘေးထွက်ဆိုးကျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။

၁။ ကာဗိုဟိုက်ဒြိတ်ကို ရှောင်ပါ။

ပိန်တဲ့သူတွေ ဝချင်ရင်တော့ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒြိတ်၊ အဆီဓာတ် ၃ မျိုးလုံးကို သမမျှတအောင် စားပေးရတယ် ဆိုပေမယ့် ဝတဲ့သူတွေအနေနဲ့ ကိုယ်အလေးချိန် မြန်မြန် ကျချင်ရင် ကစီဓာတ်လို့လည်း ခေါ်တဲ့ ကာဗိုဟိုက်ဒြိတ်ကို ရှောင်တာတော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ကာဗိုဟိုက်ဒြိတ် ပါတဲ့ အစားအစာတွေမှာ ကယ်လိုရီပမာဏ များပြားစွာ ပါဝင်တတ်တာကြောင့် ခန္ဓာကိုယ်က စားလိုက်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းတဲ့ နေရာမှာ အနည်းငယ် နှေးကွေးသွားနိုင်ပါတယ်။ ဒါ့အပြင် ကာဗိုဟိုက်ဒြိတ် ပါတဲ့ အစားအစာတွေက ဗိုက်ဝနေတဲ့ တိုင်အောင် လူတွေရဲ့ အစာစားချင်စိတ်ကို နှိုးဆွနေသေးတာကြောင့် ခန္ဓာကိုယ်က ချေဖျက်နိုင်တဲ့ ပမာဏထက် အလွန်အကျွံ စားမိလိုက်တဲ့အခါ ကယ်လိုရီ ပိုလျှံမှု ဖြစ်ပြီး အဝလွန်လာတော့တာပါပဲ။
ဒါကြောင့် ကစီဓာတ်၊ ကာဗိုဟိုက်ဒြိတ် များလွန်းတဲ့ အစားအစာတွေ ဖြစ်တဲ့ အာလူး၊ ကန်စွန်းဥ၊ အဆီမထုတ်ထားတဲ့ နွားနို့၊ ရေခဲမုန့်၊ ဆန်လုံးဖြူ၊ အဆီကြော်၊ ကိတ်မုန့်၊ သကြားဓာတ် ပါဝင်မှုများတဲ့ ဆိုဒါအအေးတွေ၊ သကြားလုံး စတာတွေကို ရှောင်ပေးတာက အကောင်းဆုံးပါပဲ။ မဖြစ်မနေ စားချင်တယ်ဆိုရင်လည်း သင့်တော်ရုံ ပမာဏနည်းနည်းလောက်ကိုပဲ စားပေးပါ။

၂။ အစာအာဟာရကို မျှတစွာ စားပါ။

ဒါကြိုက်လို့ ဒါပဲ စားမယ်၊ ဟိုဟာ မကြိုက်ရင် လုံးဝ မစားဘူးဆိုတဲ့ အကျင့်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ လုံးဝ မကောင်းတဲ့ အကျင့်ဆိုးတစ်ခုပါပဲ။ အစားအစာ တစ်မျိုးစီမှာက အဓိက ပါဝင်တဲ့ အာဟာရဓာတ်တွေအပြင် တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒီတော့ ကိုယ်က အစားအစာတစ်မျိုးကို မကြိုက်လို့ မစားလိုက်တဲ့အခါ ဒီအာဟာရဓာတ်တွေကို ဘယ်ရနိုင်တော့မလဲ။ တစ်ရက်၊ နှစ်ရက်နေလို့ မသိသာပေမဲ့ နှစ်ရှည်လများစွာ ဒီလိုပုံစံနဲ့ စားနေရင်တော့ ခန္ဓာကိုယ်က အာဟာရဓာတ်ချို့တဲ့မှုတွေ ဖြစ်ပြီး အထဲက ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် နေ့စဉ် အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ကျန်းမာရေးအတွက် အကျိုးပြု အဆီတွေကို မျှတစွာ စားသုံးပေးဖို့ အရေးကြီးပါတယ်။ အသားဓာတ်ကို ဝက်သား၊ ကြက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုးကနေ ရရှိနိုင်ပြီး အမျှင်ဓာတ်ကိုတော့ ဂေါ်ဖီပန်း၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ကိုက်လန်ရွက်၊ ဂေါ်ဖီထုပ်၊ ဆလပ်ရွက်၊ သခွားသီး စတဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရနိုင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးပြု ဆီသန့်တွေကို သံလွင်ဆီ၊ အုန်းဆီ (စားအုန်းဆီ မပါပါ) ၊ ထောပတ်သီးကနေ ရတဲ့ အဆီအနှစ်၊ အဆီများတဲ့ ငါးတွေ၊ ငါးကြီးဆီကနေ ရနိုင်ပါတယ်။

၃။ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ် လေ့ကျင့်ခန်းလုပ်ပါ။

လူတစ်ယောက် ပိန်ခြင်း၊ ဝခြင်းမှာ အစာအာဟာရက ၆၀ ရာခိုင်နှုန်း ပါဝင်နေသလို ကျန်တဲ့ ၄၀ ရာခိုင်နှုန်းမှာ အားကစားနဲ့ လေ့ကျင့်ခန်းက ပါဝင်နေပါတယ်။ လေ့ကျင့်ခန်း လုပ်မှသာ လူတွေ တစ်နေ့ တစ်နေ့ စားလိုက်တဲ့ အဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့နဲ့ အထဲက ကိုယ်တွင်းကလီစာတွေ ကောင်းစွာ အလုပ်လုပ်စေဖို့၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုတွေကို မြန်ဆန်စေဖို့ ကူညီပေးနိုင်မှာပါ။

ဒါကြောင့် နေ့တိုင်းမလုပ်နိုင်ရင်တောင် တစ်ရက်ခြား တစ်ကြိမ်၊ တစ်ပတ်ကို အနည်းဆုံး ၃ ရက်လောက် လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်သင့်ပါတယ်။ အဲ့လို မလုပ်ချင်ဘူး၊ အချိန်မရှိဘူးဆိုရင်လည်း မနက်ခင်းကို စောစော ထပြီး လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ပိတ်ရက်တွေမှာ ရေကူးတာ၊ ဘောလုံးကန်တာ၊ ဘတ်စကတ်ဘော ပုတ်တာ၊ ယောဂ၊ Zumba စတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်ပေးလို့ ရပါတယ်။

နောက်ထပ် ဂရုစိုက်ပေးဖို့ လိုတာကတော့ အိပ်ချိန်ကိုပါ။ လူတစ်ယောက်ရဲ့ အိပ်ချိန်သည် တစ်နေ့ကို ၇နာရီမှ ၈နာရီထိ ရှိဖို့ လိုအပ်ပါတယ်။ ပိန်ဖို့ ကြိုးစားနေသူရော၊ ဝဖို့ ကြိုးစားနေသူတွေပါ အိပ်ချိန်ကို ပြည့်ဝစွာ ရရှိမှ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို မြန်မြန်ရနိုင်မယ်ဆိုတာ မမေ့ပါနဲ့နော်။

Ref : hellosayarwon

ရေးသားသူ Ye Myo Myat

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top