ဘာလို့ အက်ရှေးကူးမား ကနေဒါနိုင်ငံသားခံယူခဲ့တာလဲ

16-8-2022-yyl-07.jpg

ဘောလိဝုဒ်နာမည်ကြီးမင်းသား အက်ရှေး ကူးမားက ကနေဒါနိုင်ငံသားခံယူထားတာပါ။ အဲဒါကြောင့် သူဟာ နိုင်ငံခြားသားလို့ မကြာခဏ ခေါ်ဝေါ်ခံခဲ့ရပါတယ်။ အခုနှစ်မှာလည်း သူဟာ အခွန်အများဆုံးပေးဆောင်ရတဲ့သူဖြစ်လာတော့ သူ့ကို ထပ်ပြီး ကနေဒါကူးမားလို့ ခေါ်လာကြပြန်ပါတယ်။

အခု သူက ဘောလိဝုဒ်ရဲ့ဝင်ငွေအမြင့်ဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်ပေမဲ့ သူ့ရဲ့ဇာတ်ကားတွေ မအောင်မြင်ခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အိန္ဒိယကနေ ထွက်သွားပြီး ကနေဒါမှာ ပြောင်းရွှေ့နေထိုင်ချင်ခဲ့တယ်။ ဒါကြောင့် သူဟာ ကနေဒါနိုင်ငံသားခံယူဖို့ ဆုံးဖြတ်ခဲ့တယ်။

အက်ရှေးကူးမားက အဲဒီအကြောင်းကို The Lallantop သတင်းဌာနရဲ့အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ “လွန်ခဲ့တဲ့နှစ်များစွာက ကျွန်တော့်ရဲ့ရုပ်ရှင်ကားတွေက အလုပ်မဖြစ်ခဲ့ဘူး။ (၁၄-၁၅) ကားနီးပါးလောက် အလုပ်မဖြစ်ခဲ့တာ။ ဒါကြောင့် ကျွန်တော် တခြားတစ်နေရာရာကို ပြောင်းရွှေ့ပြီး အဲဒီမှာ အလုပ်လုပ်သင့်တယ်လို့ တွေးခဲ့တယ်။ လူတော်တော်များများက အလုပ်အတွက် ကနေဒါကို ပြောင်းရွှေ့ကြလိုက်ကြပေမဲ့ အိန္ဒိယလူမျိုးတွေဖြစ်နေတုန်းပါပဲ။ ဒါကြောင့် ကံတရားက ဒီနေရာမှာ ကျွန်တော့်ကို မထောက်ထားဘူးဆိုရင် ဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်သင့်တယ်လို့ လည်း ထင်ခဲ့တယ်။ ကျွန်တော် ကနေဒါကို သွားခဲ့တယ်။ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားခဲ့ပြီး ရခဲ့တယ်”

သူ ကနေဒါနိုင်ငံသားအဖြစ် ခံယူထားပေမဲ့ အိန္ဒိယမှာ သူ့ရဲ့အခွန်တွေပေးဆောင်ပြီး အမြဲတမ်း အိန္ဒိယနိုင်ငံသားတစ်ယောက်ဖြစ်နေမှာပါလို့ အက်ရှေးက ဆိုပါတယ်။ “ကျွန်တော့်မှာ ကနေဒါနိုင်ငံသားနိုင်ငံကူးလက်မှတ်ရှိတယ်။ နိုင်ငံကူးလက်မှတ်က ဘာလဲ။ တစ်နိုင်ငံကနေ တစ်နိုင်ငံကို သွားဖို့ အသုံးပြုတဲ့ စာရွက်စာတမ်းတစ်ခုပါပဲ။

ကြည့်…ကျွန်တော်က အိန္ဒိယလူမျိုးတစ်ယောက်ပါ။ ဒီမှာ ကျွန်တော့်ရဲ့အခွန််အားလုံးကို ပေးဆောင်တယ်။ အဲဒီမှာလည်း အခွန်ပေးဆောင်ဖို့ ရွေးချယ်လို့ ရပေမဲ့ ကျွန်တော့်နိုင်ငံမှာပဲ ပေးဆောင်တယ်။ ကျွန်တော့်ရဲ့နိုင်ငံမှာ အလုပ်လုပ်တယ်။ လူတော်တော်များများအတွက် ကျွန်တော် ပြောချင်တာက ကျွန်တော်က အိန္ဒိယလူမျိုးတစ်ယောက်ပါ။ ကျွန်တော် အမြဲတမ်း အိန္ဒိယလူမျိုးဖြစ်သွားမှာပါ”လို့ သူက ဆိုပါတယ်။

မကြာသေးခင်က အက်ရှေးဟာ Koffee With Karan ဆိုတဲ့ တီဗီရှိုးတစ်ခုမှာ ပါဝင်တော့ သူ ကနေဒါနိုင်ငံသားခံယူတာနဲ့ပတ်သက်ပြီး လူတော်တော်များများပြောနေတာကို အခုလို ပြောခဲ့ပါတယ်။ “သူတို့တွေ ကနေဒါအကြောင်း အများဆုံး ရေးကြတယ်။ အဲဒါကို ကျွန်တော် ဂရုမစိုက်ပါဘူး”

ကနေဒါကူးမားလို့ ခေါ်ခံရတာနဲ့ပတ်သက်ပြီးတော့လည်း “ဟုတ်တယ်…ကနေဒါကူးမား။ အိုကေ..ကျွန်တော့်ကို အဲဒီလို ခေါ်လို့ရပါတယ်”လို့ အက်ရှေးက ဆိုပါတယ်။


Ref: Akshay Kumar Opens Up On His Canadian Citizenship, Wanted To Leave India At One Point In Time

WL(ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top