အမေရိကန်ပြည်နယ် ၃ ခုကို ဖြန့်ကျက်ခဲ့တဲ့ ကမ္ဘာ့အရှည်လျားဆုံး လျှပ်စီးကြောင်း

30.1.2021yyl36.jpg

မိုင် ၅၀၀ နီးပါး ရှည်လျားတဲ့ ကမ္ဘာ့စံချိန်တင် လျှပ်စီးကြောင်းဟာ အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၃ ခုကို ဖြန့်ကျက်သွားခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက အတည်ပြုပါတယ်။ ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ လျှပ်စီးကြောင်းဟာ ၄၇၇.၂ မိုင် ရှည်လျားခဲ့ပြီး မစ္စစ္စပီ၊ လူဝီစီယားနားနဲ့ တက္ကဆက်ပြည်နယ်တွေကို ပျံ့နှံ့သွားခဲ့တာပါ။

၂၀၁၈ ခုနှစ်က ဘရာဇီးနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လျှပ်စီးကြောင်းဟာ ၄၄၀.၆ မိုင် ရှည်လျားပြီး ယခင်က ကမ္ဘာ့အရှည်လျားဆုံး လျှပ်စီးကြောင်းအဖြစ် စံချိန်တင်ခဲ့တာပါ။ ပုံမှန်အားဖြင့် လျှပ်စီးကြောင်းတွေဟာ ၁၀ မိုင်ထက် ပိုပြီးရှည်လျားလေ့မရှိသလို တစ်စက္ကန့်အောက်ပဲ ကြာမြင့်လေ့ရှိပါတယ်။

၂၀၂၀ ပြည့်နှစ်က ဥရုဂွေးနဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ ကြုံတွေ့ခဲ့ရတဲ့ လျှပ်စီးကြောင်းဟာ ၁၇.၁ စက္ကန့်ကြာမြင့်ခဲ့ပြီး ကမ္ဘာ့အချိန်အကြာဆုံး လျှပ်စီးလက်မှုအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အရှည်လျားဆုံး လျှပ်စီးကြောင်းနဲ့ ဥရုဂွေး၊ အာဂျင်တီးနားနိုင်ငံတွေမှာ ကြုံတွေ့ခဲ့ရတဲ့ အချိန်အကြာဆုံး လျှပ်စီးလက်မှု ၂ ခုလုံးဟာ ဧရာမလျှပ်စီးကြောင်းတွေ ဖြစ်ပေါ်စေတတ်တဲ့ မုန်တိုင်းပေါများရာ ဒေသတွေမှာ ဖြစ်ပွားခဲ့တာလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ပြောပါတယ်။

အာကာသအခြေစိုက် လျှပ်စီးကြောင်း ခြေရာခံနည်းပညာကို အသုံးပြုလာနိုင်တဲ့အတွက် အနာဂတ်ကာလမှာ ပိုရှည်၊ ပိုကြာတဲ့ လျှပ်စီးကြောင်းတွေ မြင်တွေ့လာနိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ရဲ့ ထူးခြားဖြစ်စဉ်ဆိုင်ရာ စောင့်ကြည့်သူ ပါမောက္ခ ဆာဗီနီက ပြောပါတယ်။

၁၉၉၄ ခုနှစ်က အီဂျစ်နိုင်ငံ ဒရွန်ကာမြို့မှာ ဒီဇယ်တိုင်ကီ ၃ လုံးနဲ့ လေယာဉ်ဆီတိုင်ကီတစ်လုံး မိုးကြိုးထိမှန်ခဲ့ပြီး လောင်ကျွမ်းနေတဲ့ ဆီတွေက ရေစီးနဲ့အတူ လူနေအိမ်တွေဆီ မျောပါသွားခဲ့လို့ လူ ၄၆၉ ယောက် သေဆုံးခဲ့ဖူးပါတယ်။ မိုးကြိုးပစ်တဲ့အခါ မိုးကြိုးလွှဲတပ်ဆင်ထားတဲ့ အဆောက်အအုံတွေပဲ ဘေးကင်းလုံခြုံတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO)က ရေးသားဖော်ပြထားပါတယ်။

Ref: BBC “Almost 500-mile-long lightning bolt crossed three US states”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top