နိုင်ငံတော်သမ္မတရုံးနှင့် ဝန်ကြီးဌာနများ၏ သတင်းထုတ်ပြန်ချက်အနှစ်ချုပ်

67912773_1555217311287656_2596383716993400832_n.jpg

နိုင်ငံတော်သမ္မတရုံးနဲ့ ဝန်ကြီးဌာနတွေရဲ့ ဒီသီတင်းပတ်အတွင်းသတင်းထုတ်ပြန်ချက်တွေထဲက သတင်းတချို့ကို ကောက်နုတ်စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို သွားရောက်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် သြဂုတ် ၃ ရက်၊ နံနက်ပိုင်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခဲ့ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ စီးပွားရေးအခွင့်အလမ်းများပေါ်ထွန်းရေးတို့အတွက် ယင်းနယ်မြေအတွင်း လှည့်လည်လေ့လာခဲ့သည်။

ယခုကဲ့သို့လေ့လာခဲ့သည့်အပြင် စွယ်တော်မြတ်လေးဆူဖြစ်သည့် ရွှေစည်းခုံစေတီ၊ တန့်ကြည့်တောင် စေတီ၊ လောကနန္ဒာစေတီ၊ တုရင်တောင်စေတီနှင့် အလိုတော်ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရားနှင့် သဗ္ဗညုဘုရားတို့ကိုလည်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့သည်။

(၂) ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ် တက်ရောက်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် သြဂုတ် ၆ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်တွင်ကျင်းပပြုလုပ် သည့် အမျိုးအသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်မိတ်ဆက်ခြင်းနှင့် မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်တွင် မီးဘေး၊ ရေဘေး၊ လေဘေး စသည့် ဘေးအန္တရာယ်များကဲ့သို့ မကြာခဏဖြစ်ပွားလေ့မရှိသည့် အတွက် အများစုအနေဖြင့် ငလျင်ဘေးအန္တရာယ်ကို မေ့လျော့ပေါ့ဆနေတတ်ကြောင်း၊ သဘာဝဘေး အန္တရာယ်ကြီးများအနက် ရေရှည်တွင် ငလျင်ဘေးအန္တရာယ်သည် အကြီးမားဆုံးဖြစ်မည်ဟု ပညာရှင်များ ယူဆ ထားကြကြောင်း ပြောကြားခဲ့သည်။

(၃) မြန်မာနိုင်ငံနဲ့ တိုဂိုနိုင်ငံတို့ သံတမန်အဆက်အသွယ် ထူထောင်

မြန်မာနိုင်ငံနှင့် တိုဂိုနိုင်ငံတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာ စေရန်အတွက် ဇူလိုင် (၃၁) ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ခဲ့ကြသည်။ တိုဂိုနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၃) နိုင်ငံမြောက် သံတမန်အဆက်အသွယ်ထူထောင်သည့် နိုင်ငံဖြစ်သည်။

(၄) သံအမတ်ပြောင်းလဲခြင်းနှင့် သံအမတ်အသစ်ခန့်အပ်

နိုင်ငံတော်သမ္မတက ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်အား ဆားဘီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူအား ဂျပန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးအဖြစ် လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေအား တရုတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးအဖြစ်လည်းကောင်း ခန့်အပ်လိုက်ပြီဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

(၅)  ငါးရက်အတွင်း ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် ၉ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံတွင် ဇန်နဝါရီ (၁) ရက်မှ ဇူလိုင် (၃၁) ရက်အထိ ရာသီတုပ်ကွေးရောဂါ(H1N1)ဖြစ်ပွားသူ (၄၃၀) ဦး ရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ (၈၁) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

ယခင်အပတ်က ထုတ်ပြန်ချက်တွင် ဇူလိုင် (၂၅) ရက်အထိ ဖြစ်ပွားသူ (၃၈၉) ဦး၊ သေဆုံးသူ (၇၂) ဦးဟု ဖော်ပြ ထားသည့်အတွက် (၅) ရက်အတွင်း ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားသူ (၄၁) ဦး တိုးပွားလာခဲ့ပြီး ယင်းရောဂါကြောင့် (၉) ဦး ထပ်မံသေဆုံးခဲ့သည်။

(၆) ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာ အသွင်ပြောင်းပိုလီယိုဗိုင်းရပ်စ်ပိုး(cVDPV type 1 ) တွေ့ရှိ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဇွန် (၂၃) ရက်မှ သြဂုတ် (၅) ရက်အထိ အသွင်ပြောင်း ပိုလီယိုဗိုင်းရပ်စ်ပိုး (cVDPV type 1) ကို ကလေး (၁၁) ဦးတွင် ဓာတ်ခွဲအတည်ပြုတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံမှုကို အမြန်ဆုံးဖြတ်တောက်ရပ်တန့်စေရန်အတွက် ဖာပွန်မြို့နယ်အပါအဝင် မြို့နယ် (၁၂) မြို့နယ်တွင် ရည်မှန်းကလေး (၃) သိန်းခန့်အား ဇူလိုင် (၇) ရက်မှ (၉) ရက်အထိလည်းကောင်း၊ ဇူလိုင် (၂၁) ရက်မှ (၂၃) ရက်အထိလည်းကောင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခဲ့ရာ ပထမအကြိမ်တွင် (၉၀) ရာခိုင်နှုန်း၊ ဒုတိယအကြိမ်တွင် (၉၅) ရာခိုင်နှုန်း လွှမ်းခြုံမှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

(၇) မီးလောင်မှုကြောင့် ရပ်နားထားရတဲ့ ဓာတ်အားပေးစက်ရုံ ပြန်လည်မောင်းနှင်လည်ပတ်မည်

၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်က High Voltage လျှပ်စစ်မီးပန်းခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့၍ ရပ်တန့်ထားခဲ့ရသော ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်များကို မကြာမီရက်ပိုင်းအတွင်း ပြန်လည်မောင်းနှင်လည်ပတ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မီးလောင်မှုကြောင့် ဓာတ်အားပေးစက် (၂) လုံး၏ စက်အစိတ်အပိုင်းများ ချို့ယွင်းပျက်စီးခဲ့သော်လည်း ယခုအခါ ရာခိုင်နှုန်းပြည့် ပြန်လည်ပြုပြင်ပြီးဖြစ်၍ ယင်းဓာတ်အားပေးစက်များကို ပြန်လည်မောင်းနှင်းကာ လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။

(၈) အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ကို ရေးဆွဲပြီးဖြစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရင်ခွင့်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြုလုပ်သော ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့် အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေးပွဲကို သြဂုတ် (၄) ရက်က ပျမ်းမနားမြို့၊ သုခစိုးဟိုတယ်တွင်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါအသိပညာပေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်များသည် မွေးဖွားခြင်းမှတ်ပုံတင်ခွင့်ရရှိသော်လည်း နိုင်ငံသားဖြစ်မှုဆိုင်ရာအခွင့် အရေးကို တည်ဆဲဥပဒေနှင့်ညီမှသာ ရရှိမည်ဖြစ်ကြောင်း၊ အမျိုးသမီးထုအားလုံး ဘေးကင်းလုံခြုံမှုရှိစေရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဓာတ်ပုံ – နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top