အရာရာကို ကြိုတင်ပြင်ဆင်ပြီး ရလဒ်ကောင်းတွေဖန်တီးပါ

43288221_591847714563750_5704375567395061760_n.jpg

တစ်နေ့မှာ မြေခွေးတစ်ကောင်ဟာ တောအုပ်ထဲ အစာရှာဖွေရင်း ရုတ်တရက် တောဝက်တစ်ကောင်ကို တွေ့လိုက်ရပါတယ်။ တောဝက်ဟာ သူရဲ့ အစွယ်ကြီးနှစ်ခုကို သစ်ပင်ကြီးတစ်ပင်ရဲ့ပင်စည်နဲ့ ပွတ်တိုက်ပြီး သွေးနေတာပါ။

မြေခွေးဟာ မလှမ်းမကမ်းကနေ စိတ်ဝင်တစားကြည့်နေရင်း ပတ်ဝန်းကျင်ဘေးဘယ်ညာကိုလည်း တစ်ချက်ဝိုက်ကြည့်လိုက်ပါတယ်။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လျက်နေပြီး ဘာအန္တရာယ်မှမတွေ့မြင်ရတာကြောင့် မြေခွေးဟာ အထူးအဆန်းဖြစ်လို့နေပါတယ်။

မြေခွေးဟာ တိတ်တဆိတ်ကြည့်နေရာမှ ဘာကြောင့်အခုလို အစွယ်သွေးနေကြောင်းကို သိလိုစိတ်ကြောင့် တောဝက်ကြီးကို အခုလိုမေးလိုက်ပါတယ်။ “အဆွေ…တောဝက်ကြီး ပတ်ဝန်းကျင်မှာ ဘာအန္တရာယ် ဘာမုဆိုးမှမရှိပါဘူး။ သင်ဘာလို့ အပင်ပန်းခံပြီး အစွယ်သွေးနေရတာတုန်း”လို့ မေးတဲ့အခါ တောဝက်ကြီးက ” အဆွေ…မြေခွေးရေ ငါတို့ကအန္တရာယ်တွေများစွာရှိနေတဲ့ တောအုပ်ထဲမှာနေကြရတာလေ။ ဘယ်အချိန်မုဆိုးနဲ့တွေ့မယ် ဘယ်အချိန်တောကောင်ကြီးနဲ့တိုးမယ်ဆိုတာ မင်းရောငါရော မသိကြဘူးလေ။ တကယ့်တကယ် အန္တရာယ်နဲ့ထိပ်တိုက်တိုးတဲ့အခါကျမှ အစွယ်သွေးနေလို့မရဘူးလေ။ အခုလိုမျိုးလုပ်နေတာကိုလည်း ပင်ပန်းတယ်လို့သဘောမထားပါဘူး။ ကိုယ်ကြုံလာမယ့် ဘေးအန္တရာယ်အတွက် အကောင်းဆုံးပြင်ဆင်ထားတာပါ “လို့ ပြန်ပြောလိုက်ပါတယ်။

ဟုတ်ပါတယ်။ ကြိူတင်ပြင်ဆင်မှုဆိုတာ လူတိုင်းပြုလုပ်သင့်တဲ့အရာတစ်ခုပါ။ ကျောင်းသားတစ်ယောက်ဟာ စာသင်နှစ်အစကတည်းက စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်ထားပြီး သင်ခန်းစာတွေကို နေ့စဉ်ပုံမှန်လေ့လာထားမယ်ဆိုရင် စာမေးပွဲကို အခက်အခဲမရှိ လွယ်လွယ်ကူကူ ဖြေဆိုနိင်မှာပါ။ အဲဒီလိုမှမဟုတ်ဘဲ စာမေးပွဲနီးမှ စာစကျက်မယ်ဆိုရင်တော့ စိုးရိမ်သောကများနဲ့ စာမေးပွဲဖြေဆိုတဲ့အခါ အခက်အခဲများစွာ ကြုံတွေ့နိုင်ပါတယ်။ အဲ့ဒါကြောင့် ဘာပဲလုပ်လုပ် အဆိုးဆုံးကို မျှော်လင့်ထားပြီး အကောင်းဆုံးပြင်ဆင်ထားမယ်ဆိုရင် ရလဒ်ကောင်းတွေကို မလွဲမသေပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Ref: “Always Be Prepared For The Worst”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top