ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ လျှော့ချပေးမှုနှင့် နောက်ဆက်တွဲ သက်ရောက်မှု

10-8-2020-yyl-039.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေကို ကုစားဖို့အတွက် လူစီးမော်တော်ယာဉ်တွေအတွက် မူလတန်ဖိုး(FOB- Free on board)အပေါ် ကောက်ခံနေတဲ့ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားတွေကို သြဂုတ်လ ၇ ရက်နေ့ကစပြီး တစ်ဝက်နှုန်းလျှော့ချလိုက်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စက်စွမ်းအား ၁၃၅၀ စီစီနဲ့အောက် လူစီးယာဉ်တွေကို ၃၀ ရာခိုင်နှုန်းကောက်ခံနေရာကနေ ၁၅ ရာခိုင်နှုန်း၊ စက်စွမ်းအား ၁၃၅၁ စီစီမှ ၂၀၀၀ စီစီ လူစီးယာဉ်တွေကို ၅၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း၊ စက်စွမ်းအား ၂၀၀၁ စီစီကနေ ၅၀၀၀ စီစီ လူစီးယာဉ်တွေကို ၈၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း၊ စက်စွမ်းအား ၅၀၀၁ စီစီနဲ့အထက် လူစီးယာဉ်တွေကို ၁၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းပဲ ကောက်ခံတော့မှာ ဖြစ်ပါတယ်။

CIF အခွန်(Cost, Insurance, Freight)လို့ ခေါ်ကြတဲ့ စုစုပေါင်းကုန်ကျတန်ဖိုးအပေါ် ပေးဆောင်ရတဲ့ အခွန်ကို လျှော့ချပေးထားသလို ကညနမှတ်ပုံတင်ကြေးလို့ လူသိများတဲ့ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခပါ လျှော့ချပေးလိုက်တဲ့အတွက် တန်ဖိုးမြင့်ကားဈေးတွေ ကျဆင်းသွားဖို့ရှိနေပါတယ်။ ကားဈေးတွေ ကျဆင်းသွားရင် နဂိုကတည်းက ကားအသွားအလာများလို့ ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့နေတဲ့ ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှု ကြုံမလားဆိုပြီး စိုးရိမ်ပူပန်နေသူတွေ ရှိသလို တချို့တွေကတော့ ဈေးကွက်အားကောင်းဖို့ ရည်ရွယ်တဲ့ ဒီမူဝါဒကို ကြိုဆိုကြပါတယ်။

ဒီမူဝါဒကို ကြိုဆိုသူတွေကတော့ ရေတိုကာလအတွက်မဟုတ်ဘဲ ရေရှည်ကျင့်သုံးသင့်တယ်လို့ ဆိုကြပါတယ်။ မူဝါဒအပြောင်းအလဲများရင် ဈေးကွက်တည်ငြိမ်မှုအားနည်းသွားနိုင်လို့ပါပဲ။ လက်ရှိအချိန်မှာတောင် CIF အခွန်၊ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခတွေ လျှော့ချပေးခဲ့ပေမဲ့ ဝင်ငွေခွန် ပြင်ဆင်သတ်မှတ်မယ်လို့ သတင်းထွက်နေတာ၊ ဝန်ထမ်းကားပါမစ်ချထားပေးမယ့် ကိစ္စတွေကြောင့် ကားဈေးကွက်အေးစက်နေဆဲပဲဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့အတွက်တော့ တင်းကြပ်တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ ချမှတ်သင့်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့ရတဲ့ အကြောင်းအရင်းထဲမှာ ယာဉ်အသွားအလာ များပြားတာ တစ်ခုတည်းမဟုတ်ဘဲ ယာဉ်ငယ်သွားရမယ့်လမ်းကို ယာဉ်ကြီးတွေက မောင်းနှင်ကြတာ၊ ဆန့်ကျင်ဘက်လမ်းကြောင်းပေါ်မှာ မောင်းနှင်တာ၊ ယာဉ်ကြောနှစ်ထပ်ဖြစ်အောင် ကားရပ်တာ၊ ကားပါကင်နေရာ ရှားပါးတာ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။ အဲဒီအတွက် စည်းကမ်းချိုးဖောက်သူတွေကို ချက်ချင်းလက်ငင်း ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ လိုအပ်နေတယ်လို့ ဆိုကြပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ အခွန်ငွေကိုသုံးပြီး ကားပါကင်တွေ တည်ဆောက်တာ၊ ကားပါကင်ကြေးတွေ တိုးမြှင့်ကောက်ခံပြီး ရရှိလာတဲ့ ငွေတွေကနေ စက်ဘီးစီးလမ်း၊ လူသွားလမ်း၊ လမ်းကြောင်းသစ်တွေ တည်ဆောက်ရင်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။ ဒါကတော့ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ လျှော့ချမှုနောက်ကွယ်က သက်ရောက်မှုတွေပါပဲ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top