အမေဇုန်တောထဲမှာ နှစ်ထောင်ချီ တိမ်မြုပ်နေတဲ့ ရှေးဟောင်းမြို့ကြီးကို တူးဖော်တွေ့ရှိ

12.1.24-yyl-10.jpg

အမေဇုန်တောထဲက ချုံနွယ်ပိတ်ပေါင်းတွေကြားမှာ နှစ်ထောင်ပေါင်းများစွာ တိမ်မြုပ်နေတဲ့ ရှေးဟောင်းမြို့ကြီးတစ်မြို့ကို တူးဖော်ရှာဖွေနိုင်ခဲ့ပါတယ်။ အခုတွေ့ရှိမှုဟာ အမေဇုန်တောထဲမှာ နေထိုင်သူတွေရဲ့ သမိုင်းနဲ့ပတ်သက်ပြီး သိရှိထားမှုတွေကို ပြောင်းလဲစေခဲ့ပါတယ်။

အီကွေဒေါနိုင်ငံ အရှေ့ပိုင်း အူပါနိုဒေသမှာရှိတဲ့ ရှေးဟောင်းမြို့ရဲ့ နေအိမ်တွေနဲ့ ဈေးတွေကို လမ်းတွေ၊ တူးမြောင်းတွေနဲ့ ဆက်သွယ်ထားတဲ့ပုံစံက အံ့အားသင့်စရာပါပဲ။ ရှေးဟောင်းမြို့ တည်ရှိရာဒေသဟာ မီးတောင်အခြေမှာ တည်ရှိတာကြောင့် မြေဆီမြေလွှာ ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်ကပဲ အမေဇုန်တောထဲက ရှေးဟောင်းမြို့ ပျက်သုန်းသွားတဲ့ အကြောင်းရင်း ဖြစ်မယ်လို့ ယူဆစရာရှိပါတယ်။

ဥပမာအားဖြင့် ပီရူးနိုင်ငံ မာချူပီချူရှေးဟောင်းမြို့လို တောင်အမေရိက ကုန်းမြင့်ဒေသ မြို့တွေနဲ့ပတ်သက်ပြီး စဉ်းစားကြတဲ့အခါ အမေဇုန်တောထဲက လူတွေဟာ အတည်တကျ မရှိဘဲ လှည့်လည်နေထိုင်ကြတယ် သို့ အစုအဖွဲ့လေးတွေကိုယ်စီ နေထိုင်ကြတယ်လို့ မှတ်ယူထားကြတာပါ။

” အခု တွေ့ရတဲ့ ရှေးဟောင်းမြို့က အမေဇုန်တောထဲက တခြားနေရာတွေထက် ရှေးကျတယ်။ ကျွန်တော်တို့က မြို့ပြလူ့အဖွဲ့အစည်းနဲ့ပတ်သက်ရင် ဥရောပကို ဗဟိုပြုပြီး စဉ်းစားတတ်ကြတာပါ။ အခုတွေ့ရှိမှုကတော့ ယဉ်ကျေးမှု၊ မြို့ပြလူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အယူအဆတွေကို ပြောင်းလဲရမယ်ဆိုတာ ပြသနေတယ်” လို့ ပြင်သစ်နိုင်ငံ သိပ္ပံသုတေသနဆိုင်ရာ အမျိုးသားစင်တာမှ စုံစမ်းစစ်ဆေးရေးဒါရိုက်တာ ပါမောက္ခ ရိုစတိန်းက ပြောပါတယ်။

အဲဒီရှေးဟောင်းမြို့ဟာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီမှာ နှစ် ၁၀၀၀ ကြာ လူတွေ နေထိုင်ခဲ့ကြတယ်လို့ ရှေးဟောင်းပညာရှင်တွေက ဆိုပါတယ်။ ခေတ်တစ်ခေတ်စီမှာ လူ ဘယ်လောက်အထိ နေထိုင်ခဲ့သလဲဆိုတာ အတိအကျ ခန့်မှန်းနိုင်ဖို့ ခက်ခဲပေမဲ့ လူ ၁ သိန်းကနေ ၁ သောင်းကြား ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ရှေးဟောင်းပညာရှင်တွေဟာ လေယာဉ်မှာ လေဆာဆင်ဆာ တပ်ဆင်ပြီး ၁၁၆ စတုရန်းမိုင် ကျယ်ဝန်းတဲ့ ဧရိယာတဝိုက်မှာ တူးဖော်ရှာဖွေမှုတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

LiDAR (လေဆာနည်းပညာ)နဲ့ ရှာဖွေမှုအရ အလျား ၆၆ ပေ၊ အနံ ၃၃ ပေ၊ အမြင့် ၆ ပေကျော်ရှိတဲ့ လေးထောင့်စင်မြင့်ပေါင်း ၆၀၀၀ ကို တွေ့ရှိခဲ့တာပါ။ ဈေးကို ဗဟိုပြုပြီး လေးထောင့်စင်မြင့်တွေကို ၃ ခု ကနေ ၆ ခုကြား တစ်စုစီ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Ref: Huge ancient city found in the Amazon

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top