အသက် (၃) နှစ်ကတည်းက ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေ ပြည့်မြောက်တော့မယ့် မိဘမဲ့ကလေးလေး

17-8-2020-yyl-016.jpg

အမေရိကန်သတင်းဌာနက တစ်ခုက အသက် (၉) နှစ်အရွယ် ဂျော်ဒန် (Jordan) ဆိုတဲ့ မိဘမဲ့ကောင်လေးရဲ့ အကြောင်းနဲ့ သူ့ဆန္ဒတွေကို တင်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ အမေရိကန်လူမျိုးတွေ ဝမ်းနည်းသွားခဲ့ကြရပါတယ်။ ဂျော်ဒန်ဖြစ်ချင်တဲ့ ဆန္ဒကို သိသွားခဲ့တဲ့ အမေရိကန်လူမျိုး (၅၀၀၀) ကျော်က သူ့ကို မွေးစားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဂျော်ဒန် ပြည့်မြောက်ချင်တဲ့ဆန္ဒက ဘာလဲဆိုတာကိုတော့ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ကြရအောင်..။

ဂျော်ဒန်ဟာ အသက် (၃) နှစ်အရွယ်ကတည်းက မိဘမဲ့ဂေဟာမှာ နေထိုင်ခဲ့ရပြီး တစ်စုံတစ်ယောက်ကို အဖေ၊ အမေလို့ ခေါ်ချင်ခဲ့တာပါ။ လက်ရှိ အသက် (၉) နှစ်ရှိနေပြီဖြစ်တဲ့ ဂျော်ဒန်ကို သတင်းထောက်တစ်ယောက်က ကမ္ဘာပေါ်မှာ တစ်နေရာရာကို သွားနိုင်မယ်ဆိုရင် ဘယ်နေရာကို သွားချင်လဲလို့ မေးတော့ သူ့အဖြေက အရမ်းရိုးရှင်းပါတယ်။ သူ့ကို မွေးစားမဲ့အိမ်ကိုပါတဲ့။ ဆန္ဒ (၃) ခုက ဘာလဲလို့ မေးတော့လည်း အဖြေက အတူတူပါပဲ။ “မိသားစုရှိဖို့ပါပဲ။ မိသားစုပါပဲ။ ဒါတွေက ကျွန်တော့်ရဲ့တစ်ခုတည်းသောဆန္ဒတွေပါပဲ”လို့ ဂျော်ဒန်က ဖြေရှာပါတယ်။ ဂျော်ဒန်က သူ့အစ်ကိုနဲ့ မိဘမဲ့ဂေဟာမှာ ရှိနေခဲ့တာပါ။ ဒါပေမဲ့ သူ့အစ်ကို ဘရိုင်ဆန် (Braison) က ပြီးခဲ့တဲ့နှစ်ကမှ မိသားစုတစ်စုက မွေးစားခဲ့တဲ့အတွက် ဂျော်ဒန်ကို ထားရစ်ခဲ့ရပါတယ်။

ဂျော်ဒန်က လူအသိုင်းအဝိုင်းကို ကာကွယ်ရတာ၊ သူတို့အတွက် တာဝန်ထမ်းဆောင်ရတာ ကြိုက်တဲ့အတွက် ကြီးလာတဲ့အခါကျရင် ရဲအရာရှိဖြစ်ချင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါမတိုင်ခင်မှာ သူ မွေးစားခံချင်ပြီး သူ့မိသားစုနဲ့ အချိန်ဖြုန်းချင်တယ်လို့ ဆိုပါတယ်။ ” ကျွန်တော် အဖေ၊ အမေလို့ခေါ်ဖို့အတွက် မိသားစုရှိချင်ခဲ့တာ။ အဖေ၊ အမေပဲ လိုချင်ခဲ့တာ။ အခြားအရာတွေ ဂရုမစိုက်ပါဘူး။ ကျွန်တော် လိုအပ်တဲ့အချိန် စကားပြောလို့ရမယ့် လူရှိဖို့အတွက်ပါပဲ။ ကျွန်တော်တို့ လာခေါ်မယ့် မိသားစုကို မျှော်လင့်နေပါတယ်”လို့ ဂျော်ဒန်က ပြောပါတယ်။ ဂျော်ဒန်ရဲ့ဇာတ်ကြောင်းကို ပြီးခဲ့တဲ့လကမှ ထုတ်လွှင့်ခဲ့တာပါ။ အဲဒီကတည်းကနေ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ နာမည်ကြီးသွားခဲ့ပါတယ်။ ဂျော်ဒန်က သူ့ကို အားပေးမယ့်သူတွေနဲ့ ပရိသတ်တွေ ရရှိခဲ့ရုံသာမက မကြာခင်မှာလည်း မိသားစုရှိနိုင်တော့မှာဖြစ်ပါတယ်။

အခုဆိုရင် ဂျော်ဒန်ကို မွေးစားဖို့ လျှောက်ထားသူ (၅၀၀၀) ကျော်ရှိနေပြီလို့ မိဘမဲ့ဂေဟာက ခရစ်စတိုဖာ မာလိုဝီ (Christopher Marlowe) က ပြောပါတယ်။ “ကျွန်တော်တို့ မွေးစားဖို့ ကြိုးစားနေတဲ့မိသားစုတွေရဲ့ပရိုဖိုင်က ရွေးချယ်လေ့လာရပါတယ်။ မွေးစားဖို့ စိတ်ဝင်စားတဲ့ မိသားစု (၂) စုရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ကလေးအကြောင်းထုတ်ပြောပြီးတဲ့နောက်မှာ အဲဒီမိသားစုတွေက သူတို့မိသားစုနဲ့ မကိုက်လောက်ဘူးဆိုပြီး ငြင်းခဲ့ကြပါတယ်။ ဒါကြောင့် ဂျော်ဒန်ကို မွေးစားမယ့်သူ ရှာရတာ အခက်အခဲတချို့ရှိခဲ့ပါတယ်။ အခုလို မွေးစားဖို့ လျှောက်ထားတဲ့သူတွေရှိနေတဲ့အတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒီကလေးအတွက် အိမ်တစ်အိမ်ရှာပေးဖို့ လိုအပ်တဲ့အတွက် အဆင်ပြေမယ်လို့ အရမ်းမျှော်လင့်ပါတယ်”လို့ ခရစ်စတိုဖာက ဆိုပါတယ်။ ခရစ်စတိုဖာဟာ ဂျော်ဒန့်အစ်ကိုရဲ့ မိသားစုနဲ့ အဆက်အသွယ်လုပ်ခဲ့ပြီး ကလေးနှစ်ယောက်ကို တွေ့ဖို့ ခွင့်ပြုကြောင်းသိရတဲ့အတွက် သူတို့နှစ်ယောက် အဆက်အသွယ်မပြတ်ကြတော့ဘူးလို့ သိရပါတယ်။

Ref: Ladbible “More Than 5,000 People Try To Adopt Boy Living In Foster Care After He Made A Heartbreaking Plea”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top