ပစ္စဖိတ်သမုဒ္ဒရာတစ်လျှောက် မရပ်မနားတစ်ကိုယ်တော်ရွက်လွှင့်နိုင်ခဲ့တဲ့ အသက် ၈၃ နှစ် ဂျပန်အမျိုးသား

Japanese0.jpg

ဂျပန်လူမျိုးစွန့်စားသူ ခန်အီချီ ဟိုလီအဲ ဆိုသူကတော့ “ငယ်ရွယ်တုန်းရှိသေး၊ ဘာမှလုပ်လို့မပြီးသေးဘူး”တဲ့။ အသက် ၈၃ နှစ်အရွယ်မှာ သူဟာ ပစ္စဖိတ်သမုဒ္ဒရာတစ်လျှောက် မရပ်မနားတစ်ကိုယ်တော်ရွက်လွှင့်နိုင်ခဲ့တဲ့ ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

ရက်ပေါင်း ၆၉ ရက်ကြာပြီးတဲ့နောက် ဇွန်လ ၄ ရက်နေ့မှာ ခန်အီချီက ဂျပန်ရဲ့အနောက်ဘက်ကမ်းရိုးတန်း ခီအီရေလက်ကြားကို ဖြတ်ကျော်ပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။ သူက ပစ္စဖိတ်သမုဒ္ဒရာတစ်လျှောက် တစ်ကိုယ်တော်ရွက်လွှင့်ဖို့အတွက် မတ်လကုန်မှာ ဆန်ဖရန်စစ္စကိုရဲ့ရွက်လှေဆိပ်ကမ်းတစ်ခုကနေ ထွက်ခွာခဲ့တာပါ။

ဇွန် ၅ ရက်က Shin Nishinomiya ရွက်လှေဆိပ်ကမ်းမှာ ခန်အီချီကို ဒေသခံတွေနဲ့ အားပေးထောက်ခံသူတွေက”ပြန်လာတာကြိုဆိုပါတယ်..မစ္စတာခန်အီချီ ဟိုလီအဲ”ဆိုတဲ့ စာတန်းတွေကိုင်ပြီး ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။ ဆိပ်ကမ်းကပ်တဲ့အချိန် ခန်အီချီက သူ့လှေပေါ်မှာ မတ်တပ်ရပ်ပြီး အဖြူရောင်ဉီးထုပ်ကို ချွတ်ကာ လက်ဝှေ့ယမ်းပြခဲ့ပါတယ်။ နှင်းဆီပန်းစည်းလက်မခံခင် သူ လှေပေါ်က ဆင်းပြီး ဉီးထုပ်ကို ထပ်ချွတ်ကာ ဉီးညွှတ်ခဲ့ပါတယ်။ သူကပြောသေးတယ်။ “စောင့်နေပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”တဲ့။

ခန်အီချီက ဆန်ဖရန်စစ္စကိုကနေ ဆေးအစုံအလင်ယူသွားခဲ့ပေမဲ့ ပင်လယ်မှာ တစ်ယောက်တည်း (၂) လကျော်ကြာ ရွက်လွှင့်နေစဉ်အတွင်း မျက်စဉ်းရည်နဲ့ အနာကပ်ပလာစတာကိုပဲ အသုံးပြုခဲ့ပါတယ်။ “အခြားဆေးတွေမသုံးလိုက်ရတာက ကျွန်တော် ဘယ်လောက် ကျန်းမာသလဲဆိုတာ ပြနေတာ။ ကျွန်တော် ငယ်ရွယ်တုန်းပါပဲ”လို့ သူက ပြောပါတယ်။

ခန်အီချီက ဒီမှာတင် ရပ်မနေဘဲ နောက်ထပ်စွန့်စားမှုတွေလုပ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ သူ့အတွက် ဒါက နောက်ထပ်အောင်မြင်မှုတစ်ခုပါပဲ။ ၁၉၆၂ ခုနှစ်ကလည်း သူဟာ ဂျပန်ကနေဆန်ဖရန်စစ္စကိုအထိ ပစ္စဖိတ်သမုဒ္ဒရာဖြတ်ကျော်ပြီး အောင်မြင်စွာ တစ်ကိုယ်တော်ရွက်လွှင့်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။

နှစ် ၆၀ အကြာမှာ ခန်အီချီက အဲဒါရဲ့ဆန့်ကျင်ဘက်လမ်းကြောင်းဖြစ်တဲ့ ဆန်ဖရန်စစ္စကိုကနေဂျပန်အထိ တစ်ကိုယ်တော်ရွက်လွှင့်ခဲ့ပါတယ်။ သူ ဆန်ဖရန်စစ္စကိုကနေ ထွက်ခွာခဲ့ပြီး မကြာခင်မှာ မုန်တိုင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ရာသီဉတုက တဖြည်းဖြည်းကောင်းလာခဲ့ပြီး အစီအစဉ်ဆွဲထားတဲ့ရက်မတိုင်ခင် ဧပြီလလယ်မှာ ဟာဝိုင်အီကို ရောက်ရှိခဲ့ပါတယ်။ ရေစီးသန်တဲ့အတွက် ရက်အနည်းငယ်လောက်တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ခန်အီချီဟာ ၁၉၇၄ခုနှစ်က ကမ္ဘာ့အနှံ့ရွက်လွှင့်တာအပါအဝင် အခြားခရီးဝေးတစ်ကိုယ်တော်ရွက်လွှင့်တာတွေ ပြီးမြောက်ခဲ့ပြီးပါပြီ။ အခုတစ်ကိုယ်တော်ရွက်လွှင့်တာမတိုင်ခင် ၂၀၀၈ခုနှစ်က ဟာဝိုင်အီကနေ ခီအီရေလက်ကြားအထိ တစ်ကိုယ်တော်ရွက်လွှင့်ခဲ့ပါတယ်။

Ref:ABCNews “Japanese man, 83, ready for more after crossing Pacific solo”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top