Apple ရဲ့စီအီးအို တင်မ်ကွတ်ဆီကနေ အီမေးလ်တစ်စောင်ရရှိဖို့ဆိုတာ ကမ္ဘာတစ်ဝှမ်းက နည်းပညာဝါသနာရှင်တော်တော်များများအတွက် အိပ်မက်တစ်ခုဖြစ်နိုင်ပါတယ်။ အငယ်ဆုံး iOS app developer ဖြစ်လာတဲ့ (၉) နှစ်အရွယ် ကလေးမလေးအတွက် အဲဒီအိပ်မက်က တကယ်ဖြစ်လာခဲ့ပါတယ်။
လက်ရှိ ဒူဘိုင်းမှာ နေထိုင်နေတဲ့ (၉) နှစ်အရွယ် အိန္ဒိယလူမျိုး ဟာနာ မူဟမ်မတ်ဒ် ရာဖီကို iPhone တွေအတွက် iOS အက်ပလီးကေးရှင်းတစ်ခုဖန်တီးခဲ့တဲ့အတွက် Apple ရဲ့စီအီးအို တင်မ်ကွတ်က ချီးကျူးခဲ့ပါတယ်။ ဟာနာက တင်မ်ကွတ်ကို အရင်ဆုံးစာတစ်စောင်ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာ မိဘဖြစ်သူတွေ ပုံပြင်တွေကို အသံသွင်းထားလို့ရမယ့် ပုံပြောအက်ပလီးကေးရှင်း “Hanas” ကို ဖန်တီးခဲ့တယ်လို့ ဟာနာ ပြောထားပါတယ်။
သူ့အသက် ၅ နှစ်အရွယ်မှာ code ရေးသားခြင်းကို စပြီးထိတွေ့ခဲ့ကြောင်း၊ အဲဒီလိုလုပ်တာက ကမ္ဘာပေါ်မှာ သူဟာ အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ပုံပေါ်ကြောင်း၊ ဒီပရိုဂရမ်အတွက် Code (၁၀၀၀၀) နီးပါးရေးသားခဲ့ရကြောင်း၊ သူ့အက်ပလီးကေးရှင်းမှာ ကြိုတင်ပြုလုပ်ပြီးသား၊ အသုံးပြုပြီးသား ဆော့ဝဲ၊ ဖိုင်တွေ၊ Code တွေမသုံးထားကြောင်း ဟာနာက အီမေးလ်မှာ ရေးသားထားပါတယ်။
အဲဒီလိုအီမေးလ်ပေးပို့ပြီးတဲ့နောက်မှာ တင်မ်ကွတ်က ဟာနာကို အီမေးလ်ပြန်ပို့ပေးခဲ့ပြီး ဒီလောက်အသက်အရွယ်နဲ့ အခုလိုလုပ်နိုင်ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် သူ့ကို ဂုဏ်ပြုချီးမွမ်းခဲ့ပါတယ်။ သူ ဆက်ကြိုးစားနေမယ်ဆိုရင် အနာဂတ်မှာ မယုံနိုင်လောက်စရာကောင်းတဲ့အရာတွေ ပြီးမြောက်လိမ့်မယ်လို့လည်း တင်မ်ကွတ်က ဆိုပါတယ်။
တင်မ်ကွတ်ဆီက အီမေးလ်လက်ခံရရှိတဲ့အချိန်မှာ ဟာနာက အိပ်ပျော်နေတဲ့အတွက် သူ့ရဲ့အဖေက အရင်ဆုံးမြင်ခဲ့တာပါ။ ဒီအကြောင်းပြောပြဖို့ ဟာနာကို သူ့အဖေက နိုးခဲ့ပါတယ်။ ခါတိုင်း အိပ်ရာက ထဖို့ သွားပြောရင်း အချိန်ကြာတတ်ပါတယ်။ အခုတစ်ခေါက်မှာတော့ ချက်ချင်းပဲ ထခဲ့ပါတယ်။
ဟာနာ ဖန်တီးခဲ့တဲ့ အခမဲ့ iOS အက်ပလီးကေးရှင်းက ကလေးတွေရင်းနှီးပြီးသားပုံပြင်တွေပါရှိပါတယ်။ အခုလို အလုပ်များတဲ့ဘဝမှာ တချို့မိဘတွေကသာ ကလေးတွေကို ပုံပြောပြဖို့ အားလပ်ကြတယ်ဆိုတာကို သူ သိရှိခဲ့ပြီးတဲ့နောက်မှာ အက်ပလီးကေးရှင်းကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီအက်ပလီးကေးရှင်းကို ဖန်တီးခဲ့ချိန်က ဟာနာရဲ့အသက်က ၈ နှစ်ပါ။
မိဘတွေ သူတို့သားသမီးတွေအတွက် ဒီအက်ပလီးကေးရှင်းကို အသုံးပြုပြီး ပုံပြင်တွေအသံသွင်းထားဖို့ ပုံပြောအက်ပလီးကေးရှင်းကို ဖန်တီးခဲ့တာဖြစ်တယ်လို့ ဟာနာက အခိုင်အမာဆိုထားပါတယ်။ တစ်နေ့ကျရင် တင်မ်ကွတ်အတွက် အလုပ်လုပ်ပေးနိုင်ဖို့ ဟာနာ မျှော်လင့်နေပါတယ်။ဟာနာရဲ့အစ်မဖြစ်သူ အသက် ၁၀ နှစ်အရွယ် လီနာ ဖာသီမာကလည်း Code ရေးတတ်တာကြောင့် သူ့အတွက်ဆရာတစ်ယောက်ပါပဲ။
ဟာနာနဲ့လီနာတို့ညီအစ်မ (၂) လုံးက မိဘတွေရဲ့လှုံ့ဆော်တိုက်တွန်းအားပေးမှုကို ခံရသူတွေဖြစ်ပြီး ကိုယ်တိုင်လေ့လာသင်ယူတဲ့ Code ရေးသူတွေပါ။ ကလေးတွေကို စကားလုံးတွေ၊ အရောင်တွေ၊ တိရစ္ဆာန်တွေအကြောင်း သင်ကြားပေးတဲ့ Lehanas ဝဘ်ဆိုဒ်ကို လီနာက ဖန်တီးခဲ့ဖူးပါတယ်။ လီနာက အမေရိကန်မှာ ပညာသင်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ သူတို့ညီအစ်မနှစ်ယောက်ရဲ့ရည်မှန်းချက်က လူ့အဖွဲ့အစည်းကို မြှင့်တင်ဖို့နဲ့ လူအများပျော်ရွှင်စေဖို့ပါ။
Ref: Apple CEO Tim Cook Emails To Praise 9-YO Indian Girl Who Became The Youngest iOS App Developer
Team ( ရိုးရာလေး )