အဆီပြန်တဲ့ ဦးရေပြားကြောင့် စိတ်ညစ်နေပြီလား

23-3-2020-yyl-014.jpg

မနေ့ကပဲ ခေါင်းလျှော်ထားတယ်။ ဒီနေ့ကျတော့ ဆံပင်တွေ အဆီပြန်နေပြီး ပုံမကျဖြစ်နေလို့ စိတ်ညစ်ရတဲ့ အခိုက်အတန့် ကျွန်မတို့ မိန်းကလေးတိုင်းမှာ ရှိပါတယ်။ ဆံပင်အရင်းမှာတော့ အဆီတွေပြန် စိုရွဲနေပြီး ဆံပင် အဖျားမှာ ခြောက်သွေ့နေတော့ ဘယ်လိုလုပ် လှတော့မှာလဲနော် ။ ဓါတုပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ပစ္စည်းတွေကိုလည်း မသုံးချင်ဘူး၊ အဆီပြန်နေတဲ့ ဆံပင်တွေကိုလည်း မလိုချင်ဘူး ဆိုရင်အဆီပြန်နေတဲ့ ဆံပင်အတွက် သဘာအတိုင်း သက်သာအောင်လုပ်လို့ရတဲ့ နည်းတွေရှိပါတယ် ။ ။

အဆီပြန်တတ်တဲ့ ဆံကေသာ ပိုင်ရှင်တွေ အတွက် သဘာဝ နည်းလမ်းများ

ပန်းသီးရှာလကာရည် – ပန်းသီးရှာလကာရည်မှာပါတဲ့ အက်ဆစ်ဓါတ်က ဦးရေပြား ပေါ်က pH ပမာဏကို ထိန်းညှိပေးလို့ အဆီပြန်တာကို လျှော့ချပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် ၁ဇွန်းကို ရေတစ်ဖန်ခွက်ထဲရောမွှေပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ပုံမှန်အတိုင်း ခေါင်းပြန်လျှော်ပါ ။ နှစ်ပတ်တစ်ခါလောက်လုပ်ပေးပါက ဆံသားတွေ အားရှိလာမယ့်အပြင် ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေပါတယ်။

ရှားစောင်းလတ်ပတ် – ရှားစောင်းလက်ပတ်မှာပါတဲ့ astringent အစွမ်းဟာ ဦးရေပြားကနေ အဆီထုတ်လုပ်မှုကို လျှော့ချပေးနိုင်တဲ့အပြင် သူ့မှာပါတဲ့ အစိုဓါတ်က ဦးရေပြားခြောက်သွေ့တာကြောင့်ဖြစ်ရတဲ့ ဗောက်ထခြင်းရော၊ ဆံပင်အဖျား ခြောက်သွေ့ကွဲအက်တာတွေကိုပါ သက်သာစေဦးမှာပါ။ ရေမချိုးခင် ခေါင်းအနှံ ရှားစောင်းလက်ပတ် သုတ်လိမ်းပြီး ၁ နာရီလောက်ပေါင်းထားပါ။ ပုံမှန်လျှော်နေကျ အတိုင်းခေါင်းလျှော်ပါ။

ဒိန်ချဉ် – ဆံသားမှာဖြစ်နေသမျှ ပြဿနာတွေ အားလုံးကို ဒိန်ချဉ်က ဖြေရှင်းပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ ဒိန်ချဉ်မှာ ပါဝင်တဲ့ အကျိုးပြု ဘက်တီးရီယားက ဦးရေပြားရဲ့ pH ကို ကောင်းကောင်းထိန်းထားပေးလို့ အဆီပြန်ခြင်း သက်သာစေမယ့်အပြင် ဦးရေပြားပေါ် မှိုစွဲတဲ့ ရောဂါတွေဖြစ်တဲ့ ဗောက်ထခြင်းကိုပါ သူက ကာကွယ်ပေးဦးမှာပါ။ ဒိန်ချဉ်လက်ဘက်ရည်ပန်းကန် တစ်လုံးထဲကို သံလွင်ဆီ အနည်းငယ်ရောထည့်ပြီး ဦးရေပြားနဲ့ ဆံပင်တွေ အနှံ့ကို သုတ်လိမ်းပေးပါ။ မိနစ် ၃၀ခန့်ပေါင်းထားပြီး ခေါင်းပြန်လျှော်ပါ။

ကြက်ဥ – ကြက်ဥ အနှစ်ဟာ ခြောက်သွေ့နေတဲ့ ဦးရေပြားအတွက်ဆို အစိုဓါတ်ထိန်းပေးပြီး အဆီပြန်နေတဲ့ ဦးရေပြားအတွက်ဆိုရင်တော့ အဆီပြန်ခြင်းကို ထိန်းညှိပေးတဲ့အတွက် အဖက်ဖက်က အဆင်ပြေတဲ့ ကြက်ဥ အနှစ်လေးပါ။ lecithin, biotin နဲ့ protein တွေပါဝင်တာကြောင့် ဆံသားကို ပျော့ပျောင်းသန်စွမ်းစေတဲ့အပြင် တောက်ပြောင်စေဦးမှာပါ။ ကြက်ဥ အနှစ်ထဲကို သံလွင်ဆီလေးရောထည့်ပြီး ဦးရေပြားနဲ့ ဆံသားတွေ အပေါ် သုတ်လိမ်းပေးပါ။ ၁နာရီ လောက်ပေါင်းထားပြီး ခေါင်းပြန်လျှော်ပါ။

ဒီလို အိမ်တွင်းပေါင်းတင်နိုင်တဲ့ သဘာဝ နည်းလမ်းတွေ အပြင် အဆီပြန်တဲ့ ဆံကေသာပိုင်ရှင်တွေ သိထားသင့်တဲ့ အခြားအချက်တွေကတော့

၁ ခေါင်းကို ၂ ရက်တစ်ခါလောက်လျှော်ပါ။
၂ အဆီပြန်တဲ့ ဆံသားပိုင်ရှင်များအတွက် ထုတ်ထားတဲ့ Dry Shampoo ကို သုံးပါ။
၃ ဆံပင်ပျော့ဆေး သုံးတဲ့အခါတိုင်း ဦးရေပြားကို မလိမ်းဘဲ ဆံပင် အဖျားလေးတွေကိုပဲ သုတ်လိမ်းပါ။ ပြီးရင် ရေနဲ့ ပြန်စင်အောင် ဆေးချပါ။
၄ ဆံပင် အမြန်ခြောက်ေအာင် Dryer အသုံးများတဲ့အခါ ဆံပင် အရင်းပိုင်းက အဆီဂလင်းတွေ အပူကြောင့် ပိုကြွလာပြီး အဖျားပိုင်းက ဆံသားတွေကတော့အပူကြောင့် ပိုခြောက်သွားနိုင်တာကြောင့် ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပါ။
၅ ဆံပင်ကို ခဏခဏ မဖီးပါနဲ့။ ဆံပင် ခဏခဏ ဖီးလိုက်ရင် ဆံသားအောက်က အဆီဂလင်းလေးတွေကို သွားသွားဆွမိသလိုဖြစ်လို့ အဆီတွေထုတ်ပေးသလိုဖြစ်ပြီး ဦးရေပြား အဆီပြန်လာတတ်ပါတယ်။
၆ ခေါင်းလိမ်းဆီသုံးမယ်ဆိုရင် ဦးရေပြားအစား ဆံပင်အဖျားတွေကို ပိုသုံးပေးသင့်ပြီး Haircoat လိမ်းမယ်ဆိုရင်တော့ ဦးခေါင်းအနှံ့ကို သုံးပေးလို့ရပါတယ်

ဒါတွေကတော့ အဆီပြန်တဲ့ ဆံသား ပိုင်ရှင်တွေ အတွက် အသုံးဝင်လှသလို အမှန်တကယ်လည်း ထိရောက်တဲ့ အိမ်တွင်း နည်းလေးတွေဖြစ်ပါတယ်။

Ref :hellosayarwon

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top