ရုပ်သေးကြိုး

Marionettelarge.jpg

ကမ္ဘာနဲ့ အဝှမ်းမှာ ရုပ်သေးရယ် လို့ဆိုလိုက်ရင် လက်ထိုးရုပ်သေး၊ တုတ်ထိုးရုပ်သေး၊ အရိပ်ပြရုပ်သေးနဲ့ ကြိုးဆွဲရုပ်သေးရယ်လို့ အမျိုးမျိုး ရှိတာကို တွေ့ရမှာပါ။ ဒီအထဲကမှ မြန်မာ့ရိုးရာရုပ်သေးကလည်း ကြိုးဆွဲရုပ်သေးတစ်ခုအနေနဲ့ ကမ္ဘာ့စင်မြင့်မှာ ထင်ပေါ် ကျော်ကြားပါတယ်။ မြန်မာ့ရိုးရာရုပ်သေးမှာလည်း ရုပ်သေးထုဆစ်ပုံကစလို့ ကြိုးဆွဲပုံတွေ၊ ကပြပုံတွေထိ ပညာရပ်ဆိုင်ရာအခန်းတွေ အများကြီးရှိတဲ့အလျောက် ဒီဆောင်းပါးမှာတော့ ရုပ်သေးရဲ့ အဓိကအသက်ဖြစ်တဲ့ ရုပ်သေးကြိုးအကြောင်းကို အနည်းငယ်မျှ တင်ဆက်ပေးလိုက်ပါတယ်။ (မပြည့်မစုံတာများရှိခဲ့ရင် စာရေးသူမှတ်သားမှု အားနည်းခြင်းကြောင့် ဖြစ်ရတာမို့ ရုပ်သေးပညာရှင်တို့ ခွင့်လွှတ်စေလိုပါတယ်။ )

ရုပ်သေးကြိုးတွေကို ထိန်းထားတဲ့ လက်ကိုင်လေးကိုတော့ စာရှုသူတို့ မြင်ဖူး တွေ့ဖူးကြပါလိမ့်မယ်။ ဒီလက်ကိုင်လေးကို ဂျက်လို့ခေါ်ပါတယ်။ ဂျက်မှာ တပ်ဆင်ထားတဲ့ ကြိုးတွေကတော့ နားထင် (၂)ကြိုး၊ ခါးကြိုး (၁)ကြိုးနဲ့ ပုခုံးကြိုး (၂)ကြိုးဆိုပြီး ကြိုး (၅)ကြိုးရှိပါတယ်။ ဒီကြိုး (၅)ကြိုးကို ခက်မ (၅)ဖြာလို့ ခေါ်တွင်ပါတယ်။ တစ်ဘက်မှာတော့ အလွတ်ကြိုးတွေဖြစ်တဲ့ လက်ဖျားကြိုး (၂)ကြိုး၊ မောင်းရင်းကြိုး (၂)ကြိုး (လက်မောင်းရင်းတွင်တပ်ဆင်သည်) ၊ ဒူးကြိုး (၂)ကြိုး နဲ့ ဖနောင့်ကြိုး (၂)ကြိုးတို့က ယေဘုယျအားဖြင့်ပါဝင်ပါတယ်။ မင်းသားရုပ်မှာဆိုရင်တော့ ခြေဖျားကြိုးတွေ ထည့်သွင်းပြီး ကြိုးဆွဲသူအပေါ်မူတည်လို့ လိုသလိုအသုံးပြုပါတယ်။ အခြားသော ရုပ်သေးရုပ်တွေဖြစ်တဲ့ ဇော်၊ ဦးရွှေရိုး၊ ဒေါ်မိုး စတဲ့အရုပ်တွေမှာလည်း တောင်ဝှေးကြိုး၊ မျက်လုံး၊ နှုတ်ခမ်းမွေး၊ မျက်ခုံး၊ထီး၊ တင် အစရှိတာတွေ လှုပ်ရှားနိုင်ဖို့အတွက် ကြိုးတွေကို တပ်ဆင်ထားပြီး လိုသလို အသုံးပြုကြပါတယ်။

ဒါတွေဟာ ယနေ့ခေတ်ရဲ့ ယေဘုယျ ကြိုးတပ်ဆင်မှုတွေဖြစ်ပြီး ယခုအချိန်အထိ ကြိုးအများဆုံး (၆၀) ထိတပ်ဆင်ထားတဲ့ ရုပ်သေးရုပ် တစ်ရုပ်တည်းသာရှိပါတယ်။ (ဒီရုပ်သေးရုပ်ကတော့ အပျိုတော်ရုပ်တစ်ရုပ်ဖြစ်ပြီး ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်မှာ လေ့လာကြည့်ရှုနိုင်ပါတယ်။ ) အကြောင်းတိုက်ဆိုင်လို့ ပြောရရင်တော့ ရှေးကရုပ်သေးရုပ်ဟာ စုစုပေါင်း ၃၆ ရုပ်ရှိပါတယ်လို့ ဆိုပါတယ်။ ဒီလို သတ်မှတ်ခဲ့တာကတော့ သဘင်ဝန်ဦးသော်ပါ။ ယနေ့ခေတ်မှာတော့ ယေဘုယျအားဖြင့် အဘိဓမ္မာရုပ် ၂၈ ပါးကို အခြေခံလို့ ရုပ်သေးရုပ် ၂၈ ရုပ်သာ ရှိတယ်လို့ ဆိုပြန်ပါတယ်။

ရုပ်သေးကို ကြိုးဆွဲရာမှာ ဘယ်ဘက်လက်က ဂျက်ကိုကိုင်ပြီး ညာဘက်က ဆွဲရပါတယ်။ အချို့သော ကျွမ်းကျင်ပညာရှင်တွေကတော့ ရုပ်သေး (၄) ရုပ်ကို တစ်ပြိုင်နက် ကြိုးဆွဲပြနိုင်ပါတယ်။ ဂျက်ကိုင်ထားတဲ့လက်ကလည်း ဂျက်ပဲကိုင်ရမယ်လို့ တားမြစ်ထားတာမဟုတ်ဘဲ ကကွက်ပေါ်မူတည်လို့ ကြိုးဆွဲလို့ရပါတယ်။

ရုပ်သေးရဲ့ အဓိကအသက်ဖြစ်တဲ့ ရုပ်သေးကြိုးတွေအကြောင်းရေးမယ်ဆိုရင် ရေးဖွဲ့လို့ ကုန်နိုင်အံ့မထင်ပါပဲ။ ဒါပေမဲ့လည်း ဒီလောက်ဆိုရင်တော့ ရုပ်သေးကြိုးတွေအကြောင်း စာရှုသူတို့ အကြမ်းဖျဉ်း နားလည်နိုင်လောက်မယ်ထင်ပါတယ်။ နောက်ထပ်လည်း ရုပ်သေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ တင်ဆက်ပေးဦးမှာမို့ ရုပ်သေးကြိုးအကြောင်းကို ဒီလောက်နဲ့တင် ရပ်နားခွင့် ပြုပါလို့…။

Angelic Demon (ရိုးရာလေး)
Photo Credits – Myanmar marionette Theatre

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top