အသက်ရှုကြပ်လို့ ဆေးရုံတင် ခဲ့ရပေမယ့် COVID ရောဂါပိုး မတွေ့ရှိခဲ့တဲ့ မင်းသားကြီး ဆန်ဂျေးဒတ်

10-8-2020-yyl-012.jpg

PK ဇာတ်ကားထဲမှာ ပါဝင်ခဲ့ဖူးတဲ့ ဘောလိဝုဒ်မင်းသားကြီး ဆန်ဂျေးဒတ်က အသက်ရှုရခက်ပြီး ရင်ဘတ်ထဲနေလို့မကောင်းသလို ခံစားခဲ့ရပြီးနောက်မှာ ဆေးရုံတင်ခဲ့ရတယ်လို့ သြဂုတ်လ ၈ ရက်နေ့က သတင်းထွက်ရှိခဲ့ပါတယ်။ မင်းသားကြီး ဆန်ဂျေးဒတ်က မွမ်ဘိုင်းမြို့ရဲ့ Lilavati Hospital မှာ ဆေးကုသမှုခံယူခဲ့ပြီး အောက်ဆီဂျင် ထိုးကျသွားခဲ့တဲ့အတွက် အထူးကြပ်မတ်ခန်းကို ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် (၆၁) နှစ်အအရွယ် ရှိပြီဖြစ်တဲ့ မင်းသားကြီး ဆန်ဂျေးဒတ် ခံစားခဲ့ရတဲ့ရောဂါ လက္ခဏာရပ်ကြောင့် COVID-19 ရောဂါပိုးစစ်ဆေးမှုခံယူခဲ့ရပါတယ်။ စစ်ဆေးမှုခံယူခဲ့ပြီးတဲ့နောက်မှာ COVID-19 ရောဂါမရှိဆိုတဲ့ရလဒ် ထွက်ရှိလာခဲ့တဲ့အခါမှသာ ဆရာဝန်တွေက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးကူးစက်ခံထားရနိုင်ချေ လူနာစာရင်းကနေ ဆန်ဂျေးဒတ်ကို ဖယ်ထုတ်ခဲ့ပါတယ်။

မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ ဆရာဝန် ဂျာလီလ် ပါကာ (Jalil Parkar) က သူ့ရဲ့အောက်ဆီဂျင်ပမာဏ ဘာလို့ထိုးကျသွားခဲ့ ရလဲဆိုတာ အဖြေရှာဖို့နဲ့ သူ့ကျန်းမာရေးအခြေအနေကို သိရဖို့အတွက် နောက်ထပ်စစ်ဆေးမှုတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။ ဆေးရုံရဲ့ Chief Operating Officer ဒေါက်တာ ဗီ ရာဗီရှန်ကာ (V Ravishankar) ကလည်း ဆန်ဂျေးဒတ် ကျန်းမာရေးအခြေအနေ ပုံမှန်ပြန်ဖြစ်သွားပြီလို့ စိုးရိမ်နေတဲ့ ဆန်ဂျေးဒတ်ရဲ့ ပရိသတ်တွေအတွက် အတည်ပြုပေးခဲ့ပါတယ်။

မင်းသားကြီး ဆန်ဂျေးဒတ်ကလည်း သူ့ရဲ့ပရိသတ်တွေ စိတ်အေးသွားဖို့အတွက် တွစ်တာအကောင့်မှာ “ကျွန်တော် ကျန်းမာရေး ကောင်းနေပြီဆိုတာ လူတိုင်းကို အသိပေးချင်ခဲ့ပါတယ်။ လတ်တလောမှာတော့ ကျွန်တော် ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူနေပါတယ်။ COVID-19 ရောဂါပိုးတော့ မတွေ့ရှိရပါဘူး”လို့ ရေးသားခဲ့ပါတယ်။ ဆေးရုံက ဆရာဝန်တွေ၊ သူနာပြု၊ ဝန်ထမ်းတွေရဲ့ ဂရုစိုက်ကုသပေးမှုကြောင့် တစ်ရက်၊ နှစ်ရက်အတွင်းမှာ ဆေးရုံက ဆင်းခွင့်ရနိုင်တယ်လို့လည်း ဆန်ဂျေးဒတ်က ပြောပါတယ်။

မင်းသားကြီး ဆန်ဂျေးဒတ်က PK ဇာတ်ကားအပြင် နာမည်ကြီးဇာတ်လမ်း တော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Bhoomi ဇာတ်ကားကလည်း သူ့ရဲ့နာမည်ကြီး ဇာတ်ကားတွေထဲမှာ ပါဝင်ပါတယ်။ ဆန်ဂျေးဒတ်ရဲ့ ဖြစ်ရပ်မှန်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလည်းရှိပါတယ်။ ရန်ဘီယာ ကာပူးရ် (Ranbir Kapoor) ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Sanju ဇာတ်ကားပါပဲ။

Ref: Sanjay Dutt hospitalised in Mumbai

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top