ဒေါ်လာ ၂.၁ သန်း တန်ကြေး ရှိတဲ့ ဗီဒီယိုဂိမ်းပေါင်း ၂၄၂၆၈ ဂိမ်း ပိုင်ဆိုင်ထားသူ

19-12-2022-yyl-74.jpg

အမျိုးသားတစ်ဦးက ကမ္ဘာ့အကြီးဆုံးဗီဒီယိုဂိမ်းစုဆောင်းနိုင်သူဖြစ်ခဲ့ပါတယ်။ သူက အသက် ၄၅ နှစ်အရွယ် အန်တိုနီယို ရိုမယ်ရို မွန်တီရိုဆိုသူပါ။ အန်တိုနီယိုက ဗီဒီယိုဂိမ်းအများကြီးစုဆောင်းနိုင်တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တာပါ။ သူဟာ ဒေါ်လာ ၂.၁ သန်းတန်ကြေးရှိတဲ့ ဗီဒီယိုဂိမ်အများကြီးပိုင်ဆိုင်ထားတာပါ။

၁၉၈၇ ခုနှစ်၊ သူ့အသက် ၁၀ နှစ်မှာ အန်တိုနီယိုက ဗီဒီယိုဂိမ်းကို စစုဆောင်းခဲ့တာပါ။ အခုဆို စုဆောင်းထားတဲ့ ဗီဒီယိုဂိမ်းပေါင်း ၂၄၂၆၈ ဂိမ်းရှိနေပါပြီ။ အဲဒီလို စုဆောင်းလာခဲ့တာကြောင့်ပဲ သူက Xbox item တွေစုဆောင်းမှုအများဆုံး၊ Sega itemတွေ စုဆောင်းမှုအများဆုံး၊ Nintendo item တွေစုဆောင်းမှုအများဆုံး၊ Playstation item တွေစုဆောင်းမှုအများဆုံးနဲ့ ဗီဒီယိုဂိမ်းတွေစုဆောင်းမှုအများဆုံးတွေနဲ့ စံချိန် (၅) ခု ချိုးခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က အန်တိုနီယိုဟာ Sega Genesis ဂိမ်းကို စဝယ်ကတည်းကစပြီး နောက်တော့ သူ့ရဲ့အခန်းတစ်ခန်းလုံးပြည့်အောင်အထိ လုပ်ခဲ့ပါတယ်။ အခန်းထဲမှာ ဗီဒီယိုဂိမ်းတွေကို စနစ်တကျစီစီရီရီထားခဲ့တယ်။ နောက်တော့ အက္ခရာအစဉ်အလိုက်အတိုင်း စီထားဖြစ်ခဲ့တယ်။ သူ့ရဲ့စုဆောင်းမှုမှာ ဂိမ်းအမြောက်အမြားသာမက ဂိမ်းစက်တွေနဲ့ဆက်စပ်တဲ့ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

သူက ပထမဆုံးNintendo ဂိမ်းစက်ကစပြီး နောက်ဆုံးထွက် ဗီဒီယိုဂိမ်းတွေအထိ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ဂိမ်းတွေများလွန်းတဲ့အတွက် သူကိုယ်တိုင်တောင် ဂိမ်းအကုန်လုံးကို မကစားနိုင်သေးပါဘူး။ သူ့ရဲ့စုဆောင်းမှုက ဗီဒီယိုဂိမ်းကစားတာကို နှစ်သက်တာကနေ စတင်ခဲ့ပေမဲ့ မကြာခင်မှာပဲ ဂိမ်းတွေစုဆောင်းတာနဲ့ ဂိမ်းနဲ့ဆက်စပ်တဲ့ပစ္စည်းတွေ စုဆောင်းတာက သူ့ရဲ့ဝါသနာတစ်ခုဖြစ်လာခဲ့ပါတယ်။ အန်တိုနီယိုရဲ့အကြိုက်ဆုံးဗီဒီယိုဂိမ်းက Super Castlevania IV ဂိမ်းပါ။

ရှားပါးဗီဒီယိုဂိမ်းတွေရဲ့ဈေးနှုန်းကြောင့် အန်တိုနီ နှစ်သက်တဲ့ Nintendo DS collection ထဲက တစ်ခုကို အပြီးသတ်စုဆောင်းမိဖို့ နှောင့်နှေးခဲ့ရတာပါ။ အခု အဲဒီ collection ကို အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အန်တိုနီယိုက ဂိမ်းတွေအများကြီးစုဆောင်းထားပေမဲ့ ဒါနဲ့ပတ်သက်ပြီး သူ့သူငယ်ချင်းတွေနဲ့ မိသားစုကိုလျှို့ဝှက်ထားနိုင်ခဲ့ပါတယ်။ သူ ကမ္ဘာ့ဂင်းနက်စ်စံချိန် (၅) ခု ချိုးတာကို သူ့သူငယ်ချင်းနဲ့မိသားစုတွေက မြင်ပြီး အံ့အားသင့်ခဲ့ရပါတယ်။

သူက ဒီနေရာမှာတင် ရပ်နေမှာမဟုတ်ပါဘူး။ ဗီဒီယိုဂိမ်းတွေကို ဆက်ပြီး စုဆောင်းသွားဖို့ အစီအစဉ်ရှိနေပါတယ်။ တစ်နေ့ကျ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးနိုင်ဖို့ မျှော်လင့်နေတဲ့သူတွေအတွက် အန်တိုနီယိုက ရိုးရှင်းတဲ့အကြံဉာဏ်ပေးခဲ့ပါတယ်။ “အိပ်မက်နောက်လိုက်ပါ”တဲ့။

Ref: Dailymail “Meet the man with the world’s largest collection of VIDEO GAMES: Texas gamer owns 24,268 games – with an estimated worth of $2.1 MILLION”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top