အာဖဂန်နစ္စတန်ကနေ ထွက်ပြေးခဲ့တဲ့ သူ့ဆုံးဖြတ်ချက်ကို သမ္မတဟောင်း အက်ရှ်ရက်ဂါနီ ဖြေရှင်း

30.12.2021yyl13.jpg

တာလီဘန်တွေက ကဘူးလ်မြို့ကို ဝိုင်းရံပိတ်ဆို့လိုက်ချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ ထွက်ပြေးလာခဲ့တဲ့ သူ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သမ္မတဟောင်း အက်ရှ်ရက်ဂါနီက ဖြေရှင်းသွားခဲ့ပါတယ်။ တာလီဘန်တွေက သြဂုတ်လ ၁၅ ရက်မှာ ကဘူးလ်မြို့ကို သိမ်းပိုက်ပြီး အာဏာသိမ်းလိုက်တာပါ။ အဲဒီနေ့က နံနက်အိပ်ယာနိုးချိန်အထိ အာဖဂန်နစ္စတန်နိုင်ငံမှာ သူ နောက်ဆုံးနေရမယ့်နေ့မှန်း ကြိုမသိခဲ့ဘူးလို့ အက်ရှ်ရက်ဂါနီက ဆိုပါတယ်။ တာလီဘန်တွေ အာဏာသိမ်းလိုက်ချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ပြေးလာခဲ့တဲ့ အက်ရှ်ရက်ဂါနီရဲ့ ဆုံးဖြတ်ချက်ဟာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။

” တာလီဘန်တွေက ကာဘူးလ်မြို့ထဲ မဝင်ဘူးလို့ သဘောတူထားတာပါ။ ဒါပေမဲ့ နောက် ၂ နာရီအကြာမှာပဲ သဘောတူချက်ကို ချိုးဖောက်ခဲ့တယ်။ တာလီဘန် အဖွဲ့ခွဲ ၂ ဖွဲ့က ကဘူးလ်မြို့ကို ၂ ဖက်၊ ၂ ချပ်ကနေ ချီတက်လာတယ်။ သူတို့တွေကြား ပဋိပက္ခအကြီးအကျယ်ဖြစ်ရင် လူ ၅ သန်းနေတဲ့ ကဘူးလ်မြို့ ပျက်စီးသွားလိမ့်မယ်။ လူတွေလည်း ဒုက္ခအကြီးအကျယ် ကြုံရလိမ့်မယ်” လို့ BBC Radio 4 ရဲ့ Today အစီအစဉ်မှာ အက်ရှ်ရက်ဂါနီက ပြောခဲ့တာပါ။

အက်ရှ်ရက်ဂါနီက သူ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးနဲ့ ဇနီးသည်ကို ကဘူးလ်မြို့ကနေ ထွက်သွားခိုင်းပြီး ကာကွယ်ရေးဝန်ကြီးဌာနဆီသွားဖို့ ကားစောင့်နေခဲ့တယ်။ ဒါပေမဲ့ ကားက ရောက်မလာခဲ့ဘူး။ တုန်တုန်ရီရီ ဖြစ်နေတဲ့ သမ္မတလုံခြုံရေးအကြီးအကဲပဲ ရောက်လာတယ်။ အက်ရှ်ရက်ဂါနီသာ ခေါင်းမာနေရင် သူတို့အားလုံး အသတ်ခံရလိမ့်မယ်လို့ လာပြောတာပါ။ ” သူက ၂ မိနစ်ပဲ အချိန်ပေးတယ်။ ကျွန်တော်က ခို့စ်မြို့ကို ထွက်ခွာဖို့ ညွှန်ကြားခဲ့တာပါ။ ဒါပေမဲ့ ခို့စ်ကလည်း ဂျာလာလာဘတ်မြို့လိုပဲ တာလီဘန်လက်ထဲ ကျသွားပြီလို့ သူက ပြောတယ်။ အဲဒီတော့ ဘယ်ကို သွားရမလဲ ကျွန်တော်လည်း မသိတော့ဘူး။ လေယာဉ်ထွက်တော့မှ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ ထွက်ခွာလာမှန်း သိတာပါ။ ဒါက တကယ့်ကို ဝမ်းနည်းစရာပါပဲ” လို့ အက်ရှ်ရက်ဂါနီက ပြောပါတယ်။

အာဖဂန်နစ္စတန်ကနေ ထွက်လာချိန်မှာ ငွေအမြောက်အများ ယူဆောင်သွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ အက်ရှ်ရက်ဂါနီက ခါးခါးသီးသီး ငြင်းဆန်ခဲ့ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကို ကြိုဆိုတယ်၊ ဒါမှ နာမည်ဆိုး မကျန်ခဲ့မှာလို့ ဆိုပါတယ်။ ” အာဖဂန်နစ္စတန်ကနေ ထွက်လာချိန်မှာ ငွေတပြားတချပ်မှ ယူမလာပါဘူး။ ကျွန်တော့်ဘဝ နေထိုင်မှုပုံစံကို အားလုံးသိကြပါတယ်။ အဲဒီငွေတွေကို ကျွန်တော်က ဘာလုပ်ရမှာလဲ” လို့ ဆိုပါတယ်။ နိုင်ငံတကာရဲ့ စိတ်ရှည်သည်းခံမှုက အချိန်ကြာမြင့်မယ်လို့ ယူဆမှုအပါအဝင် အမှားတွေ အများကြီး လုပ်ခဲ့မိတယ်လို့တော့ သူက ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ( ဟောင်း ) ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်နဲ့ တာလီဘန်ကြား သဘောတူညီချက်ကြောင့် အာဏာသိမ်းမှု ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

” ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရမယ့်အစား (နိုင်ငံတကာ) စစ်သည်တွေ ဆုတ်ခွာဖို့ လုပ်ခဲ့ကြတယ်။ အဲဒီသဘောတူစာချုပ်က ကျွန်တော်တို့ကို တိုက်စားသွားခဲ့တာပါ” လို့ အက်ရှ်ရက်ဂါနီက ဆိုပါတယ်။ တာလီဘန်နဲ့ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်အရ အာဖဂန်နစ္စတန်မှာရှိတဲ့ သူတို့ရဲ့တပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်အင်အားကို လျှော့ချဖို့ အမေရိကန်က သဘောတူခဲ့တယ်။ အဲဒီလို သဘောတူညီမှ အာဖဂန်နစ္စတန်အစိုးရနဲ့ ဆွေးနွေးနိုင်မယ်လို့ တာလီဘန်က တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်ကြား ဆွေးနွေးမှုက အရာမထင်ခဲ့ပါဘူး။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှာတော့ ဂျိုးဘိုင်ဒင်က နောက်ဆုံးကျန်ရှိနေတဲ့ စစ်သည်တွေကို ဆုတ်ခွာခိုင်းဖို့ သဘောတူညီခဲ့ပြီး တာလီဘန်တွေက တမြို့ပြီး တမြို့ သိမ်းပိုက်ခဲ့တာပါ။

တာလီဘန်တွေ သိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ အာဖဂန်နစ္စတန်နိုင်ငံဟာ လူသားချင်းစာနာမှုနဲ့ စီးပွားရေးအကျပ်အတည်း ကြုံခဲ့ရပြီး နိုင်ငံတကာ အထောက်အပံ့တွေ ပြန်လည်ရုပ်သိမ်းခဲ့ကြလို့ အခြေအနေပိုဆိုးရွားခဲ့ပါတယ်။ တာလီဘန်တွေ အာဏာသိမ်းပြီး ၃ လအကြာမှာတော့ ဒီဖြစ်ရပ်အတွက် သူ့ကို အပြစ်တင်သင့်တယ်လို့ အက်ရှ်ရက်ဂါနီက ဆိုခဲ့တာပါ။ ” ကျွန်တော့်တစ်ဘဝစာအလုပ် ပျက်စီးသွားပြီ။ ကျွန်တော့်တန်ဖိုးလည်း ထိုးကျသွားပါပြီ။ ကျွန်တော်လည်း ဓားစာခံဖြစ်ခဲ့ပါပြီ” လို့ ပြောခဲ့တာပါ။ အခုချိန်မှာတော့ အက်ရှ်ရက်ဂါနီက ယူအေအီးနိုင်ငံမှာ ရှိနေပါတယ်။

ဘီဘီစီသတင်းဌာနရဲ့ နိုင်ငံတကာသတင်းအကြီးအကဲ လိုက်စ်ဒူဆက်ရဲ့ မှတ်ချက်အရဆိုရင်တော့ တာလီဘန်တွေက အာဏာသိမ်းမှုကို တစ်ရက်တည်းနဲ့ လုပ်ခဲ့တာ မဟုတ်ဘူး၊ အာဖဂန်နစ္စတန်ကနေ တိတ်တဆိတ်လျှို့ဝှက် ထွက်ခွာခဲ့တဲ့ အက်ရှ်ရက်ဂါနီရဲ့ လုပ်ရပ်ကြောင့် အစီအစဉ်ပိုကျတဲ့ အာဏာလွှဲပြောင်းမှု ဖြစ်ပေါ်ရေး သဘောတူစာချုပ်လည်း ပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တာလီဘန်တွေက သေချာပေါက် လွှမ်းမိုးတော့မှာပါ။ ဒါပေမဲ့ အဆုံးသတ်အထိ တိုက်ပွဲဝင်မယ်လို့ ထပ်ဖန်တလဲလဲ ရေရွတ်ခဲ့သူ ထွက်ပြေးသွားလို့ ဖြစ်ပေါ်ခဲ့တဲ့ အာဏာလေဟာနယ်ကြောင့် အခြေအနေတွေကို ပိုရှုပ်ထွေးစေခဲ့ပါတယ်။ သူက အမေရိကန်ရဲ့ ရုပ်သေးရုပ်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့လှုပ်ရှားမှုက တော်တော် ဆိုးရွားခဲ့ပါတယ်။ အဆုံးသတ်ဆိုရရင်တော့ အမေရိကန်ရဲ့ နိုင်ငံရေးနဲ့ မြေပြင်အခြေအနေကို သူ ရေလိုက်လွဲခဲ့တာဟာ တာလီဘန်တွေအပါအဝင် တခြားနိုင်ငံရေးပါတီတွေ မျှော်လင့်ထားတာထက်တောင် အချိန်ပိုတိုတောင်းခဲ့တယ်ဆိုတာပါပဲ။

Ref: BBC “Ashraf Ghani: Ex-Afghan president describes moment he fled the Taliban”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top