ယူကရိန်းအရေးအတွက် ဂျိုးဘိုင်ဒင်နဲ့ ပူတင် တစ်နာရီနီးပါး ဖုန်းဆက်ဆွေးနွေး

2-2-2022-yyl02.jpg

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်ရင် ဆက်ဆံရေးလုံးဝပျက်ပြားသွားလိမ့်မယ်လို့ ရုရှားသမ္မတ ပူတင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဖုန်းပြောဆိုမှုမှာ သတိပေးခဲ့ပါတယ်။ ရုရှားဘက်က တောင်းဆိုမှုကြောင့် ပြီးခဲ့တဲ့ကြာသပတေးနေ့ နှောင်းပိုင်းမှာ သမ္မတနှစ်ဦး တစ်နာရီနီးပါး ဖုန်းဆက် ဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းနယ်စပ်မှာ ရုရှားနိုင်ငံက စစ်သည် ၁၀၀,၀၀၀ ကျော် စေလွှတ်ထားပြီး တင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်မှာ မဟုတ်ဘူး၊ စစ်ရေးလေ့ကျင့်မှုတွေလုပ်ဖို့ စစ်သည်တွေ စေလွှတ်ထားတာလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် စစ်သည်တွေကို ကိုယ့်မြေပေါ်မှာ စိတ်ကြိုက်နေရာရွှေ့ခွင့်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

ယူကရိန်းအရေး တင်းမာမှု လျှော့ချနိုင်ဖို့ ဂျိုးဘိုင်ဒင်နဲ့ ပူတင်တို့ ဖုန်းဆက်ဆွေးနွေးတာဟာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ရုရှားကို အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်ရင် အမှားကြီး မှားမယ်လို့ ပူတင်က သတိပေးခဲ့သလို ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်မယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပြင်းပြင်းထန်ထန် တုံ့ပြန်ရလိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က တုံ့ပြန်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ တိုက်ခိုက်ခံရရင် ပူတင်ရဲ့ဘဝမှာ မကြုံဖူးတဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခံရလိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က ဆိုခဲ့တာပါ။ ဖုန်းဆက် ဆွေးနွေးမှုမှာ အပြန်အလှန် သတိပေးမှုတွေရှိခဲ့ပေမဲ့ ရုရှားသမ္မတ ပူတင်က ဆွေးနွေးမှုတွေက ကျေနပ်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးမူဝါဒအကြံပေးပုဂ္ဂိုလ် အူရှာကော့ဗ်က ပြောပါတယ်။ အခုဆွေးနွေးမှုဟာ နောက်ထပ်ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ ရေခံမြေခံကောင်း ဖြစ်စေတယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ တင်းမာမှုတွေ လျော့ကျသွားမှပဲ အခုဆွေးနွေးမှုတွေမှာ ထိရောက်တဲ့ တိုးတက်မှု မြင်ရလိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က အလေးပေးပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်ရဲ့ သတင်းပြန်ကြားရေးအရာရှိ ယန်ပါစကီက ပြောပါတယ်။

Ref: BBC “Ukraine tensions: Putin tells Biden new sanctions could rupture ties”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top