ခါးပိုင်းထိခိုက်ဒဏ်ရာဟောင်းကြောင့် ထော့နင်းထော့နင်းနဲ့လမ်းလျှောက်နေရတဲ့ ဂျက်ကီချမ်း

5-1-2021-yyl-08.jpg

အက်ရှင်မင်းသားကြီးဂျက်ကီချမ်းဟာ ဇာတ်ကားတွေမှာ အက်ရှင်ဇာတ်ဝင်ခန်းတွေရိုက်ကူးရင် လူစားမထိုးဘဲ သူကိုယ်တိုင်ရိုက်လေ့ရှိတယ်ဆိုတာ ပရိသတ်တွေအသိပါပဲ။ သူ ကိုယ်တိုင်အက်ရှင်ခန်းတွေရိုက်ကူးခဲ့လို့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တာလည်း အကြိမ်ပေါင်းမနည်းတဲ့အပြင် သေဘေးနဲ့လည်း ကြုံတွေ့ခဲ့ရတာပါ။ မကြာသေးခင်က New Year’s Day Event တစ်ခုမှာ အသက် ၆၆ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ မင်းသားကြီးဂျက်ကီချမ်းကို ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်နေတာကို ပရိသတ်တွေက မြင်တွေ့ခဲ့ရပါတယ်။ အက်ရှင်ခန်းတွေရိုက်စဉ်က ဒဏ်ဖြစ်ခဲ့တဲ့ ထိခိုက်ဒဏ်ရာဟောင်းက ပြန်ပေါ်လာခဲ့တာကြောင့် အခုလိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဂျက်ကီချမ်းဟာ တရုတ်-အမေရိကန် အန်နီးမေးရှင်းဇာတ်ကား Wish Dragon အထူးပြပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ဂျက်ကီချမ်းဟာ လူ (၂) ဦးရဲ့ပခုံးတွေကို ဖက်ပြီး အားကိုးကာ ထော့နင်းထော့နင်းလမ်းလျှောက်နေခဲ့ရပါတယ်။ သူ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့အတွက်ရော၊ လမ်းလျှောက်တဲ့အနေအထားကြောင့်ပါ ပွဲမှာရှိတဲ့လူတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။ သူဟာ အချိန်အကြာကြီးမတ်တပ်မရပ်နိုင်ခဲ့ပေမဲ့ အဲဒီပွဲမှာ ရှိတဲ့ကလေးတွေကို လှိုက်လှိုက်လှဲလှဲနဲ့ နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

ဂျက်ကီးချမ်းဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် အက်ရှင်ခန်းတွေအတွက် လူစားထိုးတာတွေမလုပ်ခဲ့တဲ့အတွက် နာမည်ကျော်နေတာပါ။ ထိခိုက်ဒဏ်ရာတွေလည်း အကြိမ်ကြိမ်ရခဲ့ဖူးပြီး Armour Of God ဇာတ်ကားမှာ အသက်အန္တရာယ်ကြုံတွေ့ရမလိုဖြစ်ခဲ့ရပါတယ်။ သူ့အတွက်ကတော့ ရိုက်ကွင်းမှာ ထိခိုက်ဒဏ်ရာရတာက မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ဇာတ်ကားအသစ်ကတော့ လုံးဝထိခိုက်မှုမရှိခဲ့ပါဘူး။ သူဟာ Wish Dragon အန်နီးမေးရှင်းဇာတ်ကားမှာ အသံသရုပ်ဆောင်ပေးထားပြီး ပရိုဂျူဆာတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ သူက နဂါးနေရာမှာ တရုတ်အသံသရုပ်ဆောင်ထားပြီး အမေရိကန်မင်းသား John Cho က အင်္ဂလိပ်အသံသရုပ်ဆောင်ပေးထားပါတယ်။

ဒီဇာတ်ကားက တရုတ်နိုင်ငံမှာ ဇန်နဝါရီ ၁၅ ရက်နေ့၊ မြောက်အမေရိကမှာ ဇွန်လ ၄ ရက်နေ့ ထွက်ရှိမှာဖြစ်ပါတယ်။

Ref: AsiaOne “Audience shocked to see Jackie Chan hobbled by old injury”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top