ချင်းမိုင်တက္ကသိုလ်ရဲ့အချစ်တော်ခွေးလေးကို သေစေခဲ့လို့ ထောင် ၆ လ ကျခံခဲ့ရတဲ့ ထိုင်းရဲ

26.7.23-yyl-11.jpg

Tia Mor Chor လို့ အမည်ရတဲ့ ချင်းမိုင်တက္ကသိုလ်ရဲ့အချစ်တော်ခွေးလေးကို သေစေခဲ့တဲ့ ထိုင်းရဲတပ်ကြပ်တစ်ဦးကို ထောင် ၆ လ ချမှတ်ခဲ့ပါတယ်။ ခွေးလေး Tia က လမ်းဘေးခွေးတစ်ကောင်ဖြစ်ပေမဲ့ ချင်းမိုင်တက္ကသိုလ် (CMU) က ကျောင်းသူ/သားတွေရဲ့အချစ်တော်ခွေးလေးတစ်ကောင်ပါ။ Tia Mor Chor ဆိုတဲ့နာမည်ကတော့ ခွေးလေးကပုတဲ့အတွက် ထိုင်းလို အရပ်ပုတာ အဓိပ္ပာယ်ရတဲ့ Tia ရယ်၊ CMU ရဲ့ထိုင်းအတိုကောက် Morchor ကို ယူပြီး မှည့်ထားတာပါ။

Tia က ချင်းမိုင်တက္ကသိုလ်ရဲ့Science Faculty ဌာနမှာ နေထိုင်ပေမဲ့ တက္ကသိုလ်ဝင်းအတွင်း မကြာခဏလျှောက်သွားပါတယ်။ တက္ကသိုလ်ရဲ့နှစ်စဉ် ၁၄ ကီလိုမီတာအပြေးပြိုင်ပွဲလို လှုပ်ရှားမှုတွေမှာလည်း ကျောင်းသားတွေနဲ့အတူ Tia ကို မြင်တွေ့ရပါတယ်။ အဲဒီပြိုင်ပွဲမစခင် ပွဲကြည့်ပရိသတ်တွေက Tia ကို မြင်တွေ့ရဖို့ စောင့်ဆိုင်းနေတတ်ကြပါတယ်။ Tia အတွက် ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ရှိပါတယ်။ Tia Story အမည်နဲ့ ၂၀၁၅ ခုနှစ်မှာ ဖွင့်ထားတဲ့အကောင့်နဲ့ Tia Mor Chor အမည်နဲ့ ၂၀၁၇ ခုနှစ်မှာ ဖွင့်ထားတဲ့အကောင့်တွေပါ။

Tia က ၂၀၂၀ ခုနှစ် မေလမှာ ပျောက်သွားခဲ့တာပါ။ ခါတိုင်းမြင်တွေ့နေကျနေရာတွေမှာလည်း မတွေ့ရတော့တာပါ။ အစာလည်းလာမစားတော့တာကြောင့် မေလ ၅ ရက်နေ့မှာ တက္ကသိုလ်ကလူတွေ စိုးရိမ်လာခဲ့ကြပါတယ်။ Tia ကို ရှာပေးကြဖို့ အကူအညီတောင်းခံတဲ့ပို့စ်တွေတင်ခဲ့ကြပါတယ်။ မေလ ၆ ရက်နေ့မှာ အပူတပြင်းလိုက်ရှာခဲ့ကြပါတယ်။ မေလ ၇ ရက်နေ့ညနေခင်းမှာတော့ Tia နဲ့တူတဲ့ ခွေးလေးတစ်ကောင်ရဲ့အလောင်းကို တစ်စုံတစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။

ဒဏ်ရာတွေနဲ့ အရိုးကျိုးနေတဲ့ Tia ရဲ့အလောင်းကို ရာဂျာမန်ဂလာနည်းပညာတက္ကသိုလ်အနီးနားက တောအုပ်အတွင်း ရှာတွေ့ခဲ့တာပါ။ Tia ကို အစာကျွေးလေ့ရှိတဲ့ CMU ဝန်ထမ်းတစ်ဦးက သေစေခဲ့တဲ့တရားခံကို ရှာတွေ့ဖို့အတွက် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ ခွေးလေးကို နောက်ဆုံးမြင်ခဲ့တဲ့ဧရိယာက CCTV မှတ်တမ်းကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ပါတယ်။ အဲဒီမှတ်တမ်းမှာ အမျိုးသားတစ်ဦးက Tia ကို ဆိုင်ကယ်စီးဖို့ ခေါ်သွားတာမြင်တွေ့ရပါတယ်။

ဒီအမျိုးသားက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဗျူရိုက ရဲတပ်ကြပ် Parinya Panyabutr ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Tia ကို အရင်တုန်းကလည်း လူတော်တော်များများက ဆိုင်ကယ်စီးဖို့ ခေါ်သွားလေ့ရှိခဲ့တာကြောင့် ဆိုင်ကယ်စီးတာ အထူးအဆန်းတော့မဟုတ်ပါဘူး။

Tia ဟာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး ဆိုင်ကယ်နောက်ဘီးနဲ့နင်းမိပြီး သေဆုံးသွားခဲ့ရတာဖြစ်တယ်။ သေဆုံးတာက မတော်တဆဖြစ်တယ်လို့ Parinya ရဲ့ပြောစကားအရသိရပါတယ်။ Tia ကို လူတွေ အင်းတိုက်အားတိုက် ရှာဖွေနေချိန်မှာ ဒီမတော်တဆဖြစ်ရပ်ကို ဖုံးကွယ်ထားခဲ့တဲ့အတွက် ရဲတပ်ကြပ်ကို တက္ကသိုလ်က Tia ရဲ့အုပ်ထိန်းသူတွေ ဝေဖန်ခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့မှာ ချင်းမိုင်တရားရုံးက တိရစ္ဆာန်အပေါ်ရက်စက်ကြမ်းကြုတ်မှုနဲ့ Parinya ကို စီရင်ချက်ချခဲ့ပြီး ဆိုင်းငဲ့ခြင်းမရှိဘဲ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။ ဒီအမှုက ၃ နှစ်ကြာမြင့်ခဲ့တာပါ။

အခု Tia ရဲ့အရိုးစုကို ချင်းမိုင်ရဲ့ Veterinary Anatomy Pathology Museum မှာ ပြသထားပါတယ်။ လူအများအပြားက Tia ရဲ့သင်္ချိုင်းမြေမှာ ပန်းတွေ လာချပေးကြပြီး CMU ကျောင်းသား/သူတွေက အချစ်တော်ခွေးလေးကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်ရုပ်တုတောင်းဆိုနေကြပါတယ်။

Ref: Thai policeman jailed for 2020 killing of beloved Chiang Mai University dog mascot

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top