မျှော်လင့်ချက်လက်ဆောင်မွန်

24-6-2022-yyl10.jpg

မေဖဲရှော့ပင်းမောမှာ ပရော်ဖက်ရှင်နယ် ဆန်တာကလော့ လုပ်တုန်းက သူ့ဆီကို အဘွားအိုနဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်။ ကောင်လေးလက်ထဲမှာ ဓာတ်ပုံတစ်ပုံ ကိုင်လျက်သား။

” ဘယ်သူ့ဓာတ်ပုံလဲ။ သားသူငယ်ချင်းလား။ သားအစ်မလား” ” သားအစ်မ ဆာရာလေ။ သူက နေမကောင်း အရမ်းဖြစ်နေတယ် ဆန်တာ” လို့ ကောင်လေးက ဝမ်းနည်းစွာ ပြန်ဖြေတယ်။ အဘွားအိုကို ကြည့်လိုက်တော့ မျက်ရည်စတွေကို တစ်သျှူးနဲ့ သုတ်နေလေရဲ့။ ” မမက သားနဲ့အတူ ဘိုးဘိုးဆန်တာဆီ လိုက်လာချင်တာ အရမ်းပဲ။ ဘိုးဘိုးဆန်တာကို သူ အရမ်းတွေ့ချင်နေတာ”

‌စိတ်မကောင်းဖြစ်နေတဲ့ ကောင်လေး ပျော်သွားအောင် သူ စကားလမ်းကြောင်း လွှဲလိုက်တယ်။ ခရစ္စမတ်မှာ ဘိုးဘိုးဆန်တာဆီက ဘာလက်ဆောင် လိုချင်လဲလို့ မေးလိုက်ရင်းနဲ့ပေါ့။ အဘွားအိုက အနားကပ်လာပြီး တစ်ခုခု ပြောဟန်ပြင်လိုက်ပြီးတော့မှ တန့်သွားတယ်။

” အဘွား ဘာပြောချင်လို့လဲ”

” အင်း ပြောရမှာ အားလည်း နာပါရဲ့ကွယ်။ ဆန်တာအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးတယ်။ ဓာတ်ပုံထဲက မိန်းကလေးက အဘွားမြေးလေးပဲ။ သူက သွေးကင်ဆာဖြစ်နေတာ။ ခရစ္စမတ်အားလပ်ရက်ကျော်အောင် မနေရလောက်တော့ပါဘူးကွယ်”။ ဒီလို ပြောနေချိန်မှာ အဘွားအိုက မျက်ရည်တွေ စီးကျလာတယ်။

” ခရစ္စမတ်အတွက် သူ အတောင့်တဆုံးအရာက ဘိုးဘိုးဆန်တာကို တွေ့ချင်တာတဲ့လေ။ ဆန်တာက ဆာရာလေးဆီကို လာပေးနိုင်မလားကွယ်” ဒီစကားကြားလိုက်ရတော့ သူလည်း ဆို့နင့်သွားတယ်။ ဆာရာ တက်နေတဲ့ ဆေးရုံလိပ်စာကို ရေးပေးခဲ့ဖို့နဲ့ သူ တတ်နိုင်သမျှ ကြိုးစားပေးပါ့မယ်ဆိုတဲ့အကြောင်း ပြန်ပြောလိုက်တယ်။ အဲဒီနေ့လယ်ခင်း တစ်ခုလုံး သူ့အတွေးက ဆာရာ့ဆီ ရောက်နေတယ်။

” ငါ့သားလေးသာ ဆေးရုံခုတင်ပေါ်မှာ သေလုမျောပါး ဖြစ်နေတယ်ဆိုရင် ငါ ဘာလုပ်မလဲ။ ငါ့အနေနဲ့ ဒီလောက်လေးတော့ လုပ်ပေးရမယ်”။ ဒီလိုတွေးရင်းနဲ့ ရှောပင်းမောထံ လာကြတဲ့ ကလေးငယ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနေတာပေါ့။ ညနေပိုင်းရောက်တော့ လမ်းကြောင်းစီမံခန့်ခွဲရေး လက်ထောက်မန်နေဂျာ ရစ်ကို ကလေးဆေးရုံ ဘယ်လိုသွားရမလဲလို့ သူ မေးလိုက်တယ်။

” ဘာဖြစ်လို့လဲဗျ” ရစ်က နားမလည်လို့ ပြန်မေးလိုက်တယ်။ ရစ်ကို သူ အကျိုးအကြောင်း ပြောပြလိုက်တော့ ” ဒီလိုဆိုရင် ခင်ဗျားကို ကျွန်တော် လိုက်ပို့ပေးမယ်” သူတို့နှစ်ယောက် ဆေးရုံရောက်တော့ ရစ်က ဆာရာ့ဆီ သူ မလိုက်တော့ဘူး။ ဆေးရုံခန်းမထဲမှာပဲ နေခဲ့မယ်တဲ့။ စေ့ရုံ စေ့ထားတဲ့ အခန်းတံခါးကို တွန်းဖွင့်ပြီး သူ ဝင်သွားလိုက်တော့ ခုတင်ပေါ်မှာ ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ ဆာရာလေး။

အခန်းထဲမှာ သူ့အဘွားနဲ့ သူမောင်လေး ရှိတယ်။ ဆာရာ့ရဲ့အမေနဲ့ အဒေါ်လည်း ရှိနေတယ်။ သူ့အမေက ဆာရာ့ဆံပင်လေးကို ပွတ်သပ်ပေးနေပြီး သူ့အဒေါ်ကတော့ ဆာရာ့အတွက် စိုးရိမ်ပူပန်နေပုံနဲ့ ဘေးက ခုံပေါ်မှာ ထိုင်နေတယ်။

လေကို ခပ်ပြင်းပြင်းရှူသွင်းပြီး မနည်းလုပ်ယူထားရတဲ့ အပြုံးမျက်နှာနဲ့ သူအခန်းထဲကို လျှောက်ဝင်သွားပြီး ” ဟို၊ ဟို့၊ ဟို” လို့ အသံပြုလိုက်တော့ ဆာရာ မျက်လုံးဖွင့်ကြည့်တယ်။ သူ့ကို တွေ့သွားတော့ အရမ်းပျော်သွားပြီး ” ဘိုးဘိုးဆန်တာ” လို့ ခေါ်ကာ အားယူထဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူပဲ ဆာရာ့ဆီ အပြေးလေးသွားပြီး ပွေ့ဖက်လိုက်တယ်။ ဆာရာလေးက သူ့သားနဲ့ သက်တူရွယ်တူပဲ။

ဓာတ်ရောင်ခြည်ကုထုံးကြောင့် ဆံပင်တွေ ကျွတ်နေပြီး အသွေးအရောင်ကလည်း ဖျော့တော့တော့။ ကရုဏာသက်နေတဲ့ သူ့စိတ်ထဲမှာတော့ စိတ်လှုပ်ရှားမှုကြောင့် ရွှန်းလဲ့တောက်ပနေတဲ့ အပြာရောင်မျက်လုံးဝိုင်းဝိုင်းတွေကြောင့် ဆာရာလေးက လှနေတယ်။ ဆာရာလေးကို ပွေ့ဖက်ထားချိန်မှာ ဝမ်းနည်းစိတ်ကြောင့် ကျလုဆဲဆဲဖြစ်နေတဲ့ မျက်ရည်တွေကို သူ မနည်းချုပ်ထိန်းနေရတာပေါ့။

ဆာရာနဲ့ စကားပြောနေတုန်း မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ခုတင်ဘေး ရောက်လာပြီး သူ့လက်ကို ကိုင်ကာ ကျေးဇူးတင်စကား လာပြောကြတယ်။ သူတို့ နှစ်ယောက်ကတော့ စကားတွေ ပြောမဆုံးဘူး။ ဒီတစ်နှစ်လုံး သူ လိမ်လိမ်မာမာ နေခဲ့တဲ့အကြောင်း၊ ခရစ္စမတ်မှာ သူ လိုချင်တဲ့အရုပ်တွေအကြောင်း ဆာရာက စိတ်အားထက်သန်စွာ ပြောနေတာပေါ့။

ပြန်ရမယ့်အချိန် နီးကပ်လာတဲ့အခါ သူက ဆာရာအတွက် ဆုတောင်းပေးဖို့ တွေးမိတယ်။ ဒါနဲ့ပဲ ဆာရာရဲ့အမေကို ခွင့်တောင်းပြီး ဆုတောင်းပေးတဲ့အခါ မိသားစုဝင်အားလုံးက ခုတင်ဘေးမှာ လက်ချင်းချိတ်ပြီး စက်ဝိုင်းပုံစံ နေကြတယ်။ ဆာရာ့ကို စိုက်ကြည့်ပြီး အိန်ဂျယ်တွေကို ယုံကြည်သလားလို့ မေးလိုက်တော့ ” ဟုတ်ကဲ့ . . . ယုံပါတယ် ဘိုးဘိုးဆန်တာ”တဲ့။

” ဟုတ်ပြီ။ သမီးကို စောင့်ရှောက်ပေးဖို့ အိန်ဂျယ်တွေကို ပြောလိုက်ဦးမယ်”။ ဆာရာ့ကို ခေါင်းကို လက်တစ်ဖက်က ကိုင်ထားပြီး သူ မျက်စိမှိတ်ရင်း ဆုတောင်းပေးတယ်။ ” ကလေးငယ် ဆာရာကို ဒီရောဂါဆိုးကြီးကနေ သက်သာပျောက်ကင်းအောင် စောင်မပေးပါ ကိုယ်တော်။ အိန်ဂျယ်တွေကလည်း ဒီကလေးကို စောင့်ရှောက်တော်မူပါ”။ ဒီလို ဆုတောင်းပြီးသွားတဲ့အခါ သူ မျက်စိမှိတ်ထားရင်းနဲ့ပဲ ” တိတ်ဆိတ်သော ည၊ သန့်ရှင်းသော ည၊ အရာအားလုံး ငြိမ်သက်ခါ၊ အရာအားလုံး တောက်ပစွာ” ဆိုတဲ့ သီချင်းစာသားလေးကို တိုးတိုးလေး ရွတ်ဆိုလိုက်တယ်။ လက်ချင်းချိတ်ဆက်ထားတဲ့ မိသားစုဝင်တွေပါ သူနဲ့အတူ သီချင်းလိုက်ဆိုကြတယ်။

မိသားစုဝင်တွေကလည်း ဝမ်းသာလို့ ကျတဲ့မျက်ရည်၊ မျှော်လင့်ချက်ကြောင့် ကျတဲ့ မျက်ရည်တွေ ထွေထွေစီးလို့။ ဆာရာကတော့ သူတို့အားလုံးကို တောက်ပတဲ့မျက်လုံးဝိုင်းလေးတွေနဲ့ လိုက်ကြည့်နေတာပေါ့။

” ကဲ ဆာရာရေ။ အခု သမီးလုပ်ရမယ့် အလုပ်တစ်ခု ရှိတယ်။ အဲဒါ နေပြန်ကောင်းလာအောင် အာရုံစိုက်ဖို့ပဲ။ လာမယ့်နွေရာသီမှာ သမီးကို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေစေချင်တယ်။ လာမယ့်နှစ် ဒီအချိန်ကျရင် မေဖဲရှော့ပင်းမောမှာ ပြန်ဆုံကြမယ်နော် ဆာရာ” လို့ သူ ပြောလိုက်တယ်။

ကင်ဆာရောဂါ နောက်ဆုံးအဆင့် ခံစားနေရတဲ့ ကလေးအတွက် ဒီတောင်းဆိုချက်က လွန်ကဲသလို ဖြစ်နေတယ်ဆိုပေမဲ့ သူ့အနေနဲ့တော့ ဒီလို ပြောရမယ်။ ဒါဟာ ဆာရာအတွက် သူပေးသင့်တဲ့ အကြီးမားဆုံး လက်ဆောင်ပဲလေ။ မျှော်လင့်ချက်လက်ဆောင်ပေါ့။

” ဟုတ်ကဲ့ပါ ဘိုးဘိုးဆန်တာ”။ ဆာရာက ဒီလို ပြန်ဖြေချိန်မှာ သူ့မျက်လုံးတွေက တောက်ပနေရဲ့။ ကိုယ်ကိုယ် ကိုင်းညွတ်ပြီး ဆာရာ့ရဲ့နဖူးကို သူ နမ်းကာ အခန်းထဲက ထွက်လာချိန်မှာတော့ ခန်းမထဲမှာ စောင့်နေတဲ့ ရစ်နဲ့ အကြည့်ချင်းဆုံပြီး ယောဤားကြီးနှစ်ယောက် ဖက်ငိုကြရတော့တာပေါ့။

သူ့ကို ကျေးဇူးတင်စကားပြောဖို့ အခန်းထဲကနေ ထွက်လာကြတဲ့ ဆာရာ့ရဲ့အမေနဲ့ အဘွားလည်း သူတို့နှစ်ယောက် ငိုနေကြတာကို တွေ့သွားတယ်လေ။ ” ကျွန်တော့်ရဲ့တစ်ဦးတည်းသောသားလေးက ဆာရာနဲ့ သက်တူရွယ်တူပဲ။ ဆာရာ့အတွက် ဒီလောက်လေးတော့ ကျွန်တော် လုပ်ပေးရမှာပေါ့ဗျာ” လို့ သူ ပြောတဲ့အခါ သူတို့နှစ်ယောက်လုံး သူ့ကို ဖက်ထားကြတယ်။

နောက်တစ်နှစ်အကြာမှာတော့ ခရစ္စမတ်နီးလို့ ဆန်တာလုပ်ဖို့အတွက် မေဖဲရှော့ပင်းမောကို သူ ပြန်ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ သီတင်းပတ်တော်တော်ကြာသွားပြီးနောက် တစ်ရက်မှာတော့ ကလေးတစ်ယောက်က သူ့ပေါင်ပေါ် လာထိုင်တယ်။

” ဟိုင်း ဘိုးဘိုး ဆန်တာ။ သမီးကို မှတ်မိလား” သူလည်း ကလေးတွေကို ပြောနေကြပုံစံအတိုင်း မှတ်မိတာပေါ့လို့ ဖြေလိုက်တယ်။ ဆန်တာဆိုတာ ကလေးတိုင်းကို အရေးပါတယ်ဆိုတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်ရမယ်လေ။ ” မနှစ်တုန်းက သမီး ဆေးရုံတက်နေတုန်း ဘိုးဘိုးဆန်တာ လာကြည့်တယ်လေ”

ဒီစကားကြားလိုက်ရချိန်မှာတော့ သူ့မှာ ပါးစပ်အဟောင်းသား၊ မျက်ရည်တွေ အလိုလိုစီးကျလာတယ်။ ပြီးတော့ ကလေးမလေးကို ဆွဲယူပွေ့ဖက်ထားလိုက်တယ်။

” ဆာရာ ”

ဆာရာ့ပုံစံက မမှတ်မိလောက်အောင် ပြောင်းလဲသွားပြီလေ။ ဆံပင်တွေက ရှည်လျားပြီး မဲနက်နေတယ်။ ပါးနှစ်ဖက်က နှင်းဆီရောင်သန်းလို့။ အရင်နှစ်က သူ တွေ့ခဲ့သလို ဖြူလျော်လျော် မဟုတ်တော့။

သူ လှမ်းကြည့်လိုက်တော့ လမ်းတစ်ဖက်မှာ သူ့ကို လက်ပြနှုတ်ဆက်နေတဲ့ ဆာရာ့ရဲ့အဘွားနဲ့ အမေ။ ဒါဟာ ဆန်တာအတွက်တော့ အကောင်းဆုံးခရစ္စမတ် ဖြစ်သွားပါပြီ။ သူ ပေးခဲ့တဲ့ မျှော်လင့်ချက်လက်ဆောင်ကို ဆာရာလေး တကယ်ရရှိခဲ့တာပေါ့။

***ဒါဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ၁၉၉၇ ခုနှစ်က အမေရိကန်နိုင်ငံ ဝစ်ကိုဆင်ပြည်နယ်၊ မေဖဲရှော့ပင်းမောမှာ ဆန်တာ လုပ်ခဲ့သူ မက်ခ်လီယိုနက်အကြောင်းကို သူ့ဇနီးသည် ဆူဆန်က ရေးသားခဲ့တာပါ။

Christmas Miracle ကို ဘာသာပြန်ဆို ဖော်ပြပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top