အပတ်စဉ် နည်းပညာသတင်းတိုများ

45146890_2236180936636854_4334412099552804864_n.jpg

အပတ်စဉ် တင်ဆက်ပေးနေကြဖြစ်တဲ့ နည်းပညာ သတင်းတိုကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း အသစ်ထွက်ရှိလာတော့မယ့် ပစ္စည်းတွေ၊ နည်းပညာ အသစ်တွေနဲ့ အခြားသော စိတ်ဝင်စားစရာသတင်းတွေ ပါဝင်တာမို့ ဆက်ပြီး ဖတ်ရှုကြည့်ပါဦး . . .။

အသွင်သစ်နဲ့ Lenovo Z5 Pro

အရင်တုန်းက ခေတ်စားခဲ့တဲ့ slider ဖုန်းတွေကို တုပပြီး Oppo Find X၊ Mi Mix 3 နဲ့ Honor Magic 2 တို့ ထွက်ရှိလာသလိုပဲ Lenovo ကလည်း Z5 Pro မော်ဒယ် ဖုန်းအမျိုးအစားကို ထုတ်လုပ်လိုက်ပြန်ပါတယ်။ ဒီဖုန်းရဲ့ အားသာချက်ကတော့ တခြား slider အမျိုးအစားဖုန်းတွေနဲ့ယှဉ်ရင် ဈေးသက်သာနေတာပဲ ဖြစ်ပါတယ်။ RAM 6GB၊ ဘထ္ထရီအမျိုးအစား 3350 mAh နဲ့ Snapdragon 710 chipset ကို အသုံးပြုထားပါတယ်။ ဈေးနှုန်းနဲ့ ယှဉ်ရင် ပါဝင်လာတဲ့ စွမ်းဆောင်ရည်တွေက အတော်လေး ကောင်းနေတာမို့ စမ်းသုံးကြည့်ဖို့ ကောင်းတဲ့ ဖုန်းတစ်လုံးလို့ ယူဆမိပါတယ်။

အိုင်ဖုန်းအဟောင်းတွေကို ပြုပြင်တော့မယ့် ပရိုဂရမ်အသစ်

Apple က မော်ဒယ်အဟောင်းတွေအတွက် ဆက်စပ်ပစ္စည်းတွေ ထပ်မထုတ်တော့တဲ့အခါမျိုးမှာ ဦးနှောက်ခြောက်ခဲ့ရတဲ့အဖြစ်မျိုးတွေ ရှိကြတယ်ဟုတ်။ အခုဆိုရင်တော့ “Repair Vintage Apple Products Pilot” ဆိုတဲ့ ပရိုဂရမ်ကို Apple က စတင်မိတ်ဆက်လိုက်ပြီး သူ့ရဲ့ ထွက်ရှိခဲ့တဲ့ ပစ္စည်းအဟောင်းတွေကို ပြုပြင်ပေးတော့မယ်လို့ သိရပါတယ်။ ဒီပရိုဂရမ်မှာ ပါဝင်လာတာတွေကတော့ iPhone 5 နဲ့ 4S၊ ၂၀၁၂ခုနှစ်ထုတ် MacBook Air ၂မျိုး၊ ၂၀၁၂၊ ၂၀၁၃ခုနှစ်ထုတ် MacBook Pro ၃မျိုးနဲ့ ၂၀၁၁ခုနှစ်ထုတ် iMac ၂မျိုးတို့ ဖြစ်ပါတယ်။

စီးပွားရေးသောင်းကျန်းတော့မယ့် WhatsApp

ဖေ့စ်ဘွတ်ခ်က လက်လွှဲရယူလိုက်တဲ့ WhatsApp က ဖေ့စ်ဘွတ်ခ်ရဲ့ စီးပွားရေးအကွက်မြင်ပုံကြောင့် တစ်နေ့တခြား ပိုမိုအောင်မြင်လာပြီး ကြော်ငြာတွေလည်း လက်ခံရရှိလာပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့တစ်နှစ်က Snapchat ကိုတောင် အနိုင်ယူပစ်လိုက်တဲ့ Status လုပ်ဆောင်မှုမှာ ကြော်ငြာတွေ ထည့်သွင်းတော့မှာဖြစ်ပြီး ကျွန်တော်တို့အတွက်တော့ စီးပွားရေး အခွင့်အလမ်းကောင်းတစ်ခုပါပဲလို့ WhatsApp ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

AI ကြောင့် အလိမ်ပေါ်တော့မယ်

“iBorderCtrl” ဆိုတဲ့ ပရိုဂရမ်က ဉာဏ်ရည်တုကို အသုံးချပြီး အမှန်ပြော၊ မပြော စစ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒီပရိုဂရမ်မှာတော့ အသုံးပြုသူက အွန်လိုင်း အပ်ပလီကေးရှင်းကို အသုံးပြုပြီး အချက်အလက်တွေ ဖြည့်ပေးရမယ်လို့ သိရှိရပါတယ်။ ဒီပရိုဂရမ်ကို လေဆိပ်မှာ အသုံးပြုမယ်ဆိုပါက “အိတ်ထဲမှာ ဘာတွေပါပါသလဲ” နဲ့ “သင့်အဖြေ မှန်၊ မမှန် သိရအောင် အိတ်ကို ဖွင့်ပြပါ” ဆိုတဲ့ မေးခွန်းတွေ မေးမယ်လို့ သိရပါတယ်။ အသုံးပြုသူက အမှန်ပြောခဲ့ရင် QR ကုတ်တစ်ခုကို လက်ခံရရှိမှာဖြစ်ပြီး လေဆိပ်ဂိတ်ကို ဖြတ်သန်းခွင့်ပြုမယ်လို့ သိရပါတယ်။ ဒီပရိုဂရမ်မှာ မျက်နှာ၊ လက်ဗွေနဲ့ သွေးခုန်နှုန်းတိုင်းတဲ့စနစ်တွေ ပါဝင်မယ်လို့ ကြားသိရပါတယ်။

AirPods clones တွေ ထုတ်လုပ်လိုက်တဲ့ Honor

Honor က AirPods clones တွေကို FlyPods ဆိုတဲ့နာမည်နဲ့ ထုတ်လုပ်လိုက်ပြန်ပါတယ်။ ဒီ FlyPods တွေက Bluetooth 5.0 အမျိုးအစားကို သုံးထားပြီး ရေစိုခံတယ်လို့လည်း သိရှိရပါတယ်။ တစ်ကြိမ်အားသွင်းရင် ၃ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပြီး နိုဝင်ဘာလထဲမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ Honor ရဲ့ ထုံးစံအတိုင်း အရောင်လှလှလေးတွေနဲ့ ထွက်ရှိလာမှာမို့ အတူတူစောင့်ကြည့်လိုက်ကြရအောင်ပါ။

လုံခြုံရေးမကောင်းတဲ့ iOS 12.1

လွန်ခဲ့တဲ့အပတ်က ထွက်ရှိလာခဲ့တဲ့ iOS 12.1 အမျိုးအစားမှာ လုံခြုံရေး ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။ လုံခြုံရေးသော့ကို ဖွင့်စရာမလိုဘဲနဲ့ ဖုန်းနံပါတ်တွေ ကြည့်ရှုနိုင်မယ့်အပြင် ဗီဒီယို ခေါ်ဆိုမှုတွေပါ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လတ်တလော ရိုက်ထားတဲ့ပုံတွေကို ကြည့်လို့ရနိုင်မယ်ဆိုတဲ့သတင်းကတော့ အသုံးပြုသူတွေကို အတော်လေး စိတ်ပျက်စေမယ်လို့ ကောက်ချက်ချမိပါတယ်။

ရိုးရာလေးပရိသတ်ကြီးရေ… နောက်အပတ်မှာလည်း ဘယ်လိုမျိုးထူးခြား ဆန်းသစ်တဲ့နည်းပညာသတင်းတွေ ဖော်ပြပေးဦးမလဲဆိုတာကို စောင့်ကြည့်ပေးကြပါဦးနော်။

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top