တောင်အာဖရိက က အမဲလိုက်ခံ မွေးမြူရေး ခြင်္သေ့များ

45127812_1409578472507228_4667294523376795648_o.jpg

တောင်အာဖရိကမှာ ခြသေ့ၤတွေကို အခြား မွေးမြူရေးသတ္တဝါတွေလိုမျိုးပဲ အိမ်မွေးတိရစ္ဆာန်ပုံစံနဲ့ ရောင်းဝယ် ဖောက်ကားမှုတွေ ရှိနေပြီး နိုင်ငံအတွင်းက ၁၀,၀၀၀ ကျော်ထက်မနည်းတဲ့ ခြင်္သေ့ကောင်ရေတွေထဲက ၆၀ % လောက်ကို ဖမ်းဆီးထိန်းသိမ်းပြီး ချုပ်လှောင်ထားကြပါတယ်။

ဒီလို ချုပ်လှောင်ထားရတဲ့ ရည်ရွယ်ချက်က တောလည်ထွက် ခရီးတွေကို ကြိုက်နှစ်သက်တဲ့ အလည်အပတ်လာရောက်သူတွေကို ဆွဲဆောင်ဖို့ဖြစ်ပြီး များစွာသော ငွေကြေး အကျိုးအမြတ်တွေကို ရရှိနေကြတာကြောင့်ပါ။ သူတို့ကို ခြံစည်းရိုးနဲ့ အလုံပိတ်ထားတာကြောင့် အမဲလိုက်သမားတွေရဲ့ လက်ကနေ ဘယ်လိုမှ မလွတ်နိုင်တော့ပါဘူး။ ဒါကို သူတို့တွေက အမဲလိုက် လေ့ကျင့်တယ်လို့တောင် ခေါ်ကြပါတယ်။

“ကမ္ဘာတစ်ဝှမ်းမှာ အမဲလိုက်သမား ဆိုတာတွေက ဆက်လက်ပြီး ရှိနေဦးမှာပါ။ ပြီးတော့ သူတို့အတွက် အကြီးမားဆုံး ဂုဏ်ယူစရာကလည်း အာဖရိကမှာ ခြင်္သေ့ကို အမဲလိုက်ဖူးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သူတို့အတွက် လိုအပ်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနေတယ်လို့ပဲ ခံစားရပါတယ်” လို့ ဒီလုပ်ငန်းတွေကို ဦးစီးဦးဆောင် လုပ်ကိုင်နေတဲ့ ကာရဲလ်ဗန်ဟီရာဒန် (Carel Van Heerden) က ပြောပါတယ်။ ခြသေ့ၤအမတွေ ပိုပြီး မိတ်လိုက် သားဖွားနိုင်အောင်လို့ ခြင်္သေ့ငယ်ကလေးတွေကို မွေးကတည်းက အမေနဲ့ ခွဲထားပြီး နို့ဗူးတွေသာ တိုက်ကျွေးခဲ့တာပါ။ မုဆိုးတစ်ယောက်က သူ့ကိုဝယ်ပြီး အမဲလိုက် သတ်ဖြတ်မပစ်သေးခင်အထိတော့ ဒီခြံစည်းရိုးအတွင်းမှာ အသက်ရှင်နေရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဒီလို ခြင်္သေ့ မွေးမြူရေးခြံပေါင်း ၁၆၀ ခန့် ရှိနေပါတယ်။ သူတို့ရဲ့ ဈေးကွက် ပေါက်ဈေးအရ ခြင်္သေ့ အမတစ်ကောင်ကို အမဲလိုက်မယ်ဆို ဒေါ်လာ ၄,၅၀၀ ဖြစ်ပြီး ခြင်္သေ့ အထီးဆိုရင်တော့ အမြင့်ဆုံးဈေးဟာ ဒေါ်လာ ၃၅,၃၀၀ အထိ ရှိနိုင်ပါတယ်။ တောင်အာဖရိကမှာ မွေးမြူထားတဲ့ ခြင်္သေ့တွေရဲ့ ၁၀ % လောက်ဟာ အမဲလိုက်ခံရဖို့ ရွေးချယ်ခံထားရပြီး ဖြစ်ပါတယ်။ ခြင်္သေ့နဲ့ ပတ်သက်တဲ့ အမှတ်တရပစ္စည်း ရောင်းချမှုတွေဟာလည်း အတော်ကို မြင့်တက်လာနေပါတယ်။ ၂၀၀၆ ခုနှစ်မှာ ခြင်္သေ့ခေါင်း ၁,၈၃၀ ကို အမှတ်တရပစ္စည်းအနေနဲ့ ရောင်းဝယ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ၄,၀၆၂ ခု ရောင်းဝယ်ခဲ့တာကြောင့် ဒါဟာ ၁၂၂ % (၂ဆကျော်) မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

မွေးမြူရေးသမားတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ သေဆုံးသွားတဲ့ ခြင်္သေ့တွေရဲ့ အရိုးတွေကိုပါ ရောင်းစားပြီး ဈေးကွက်ချဲ့ထွင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဈေးနှုန်းတွေ အရ ခြင်္သေ့ အသေတစ်ကောင်ရဲ့ အရိုးတွေ အကုန်လုံးဟာ ဒေါ်လာ ၄,၁၃၀ ထိ ရနိုင်ပြီးတော့ အသေကောင် တစ်ကောင်လုံးဆိုရင်တော့ ဒေါ်လာ ၆,၉၀၀ ထိ ရနိုင်ပါတယ်။

ခြင်္သေ့ အရိုးတွေကို အာရှတိုက်ဘက်မှာတော့ ရိုးရာဆေး ဖော်စပ်တဲ့နေရာတွေမှာသုံးတဲ့ ရှားပါး အာရှခြင်္သေ့မျိုးစိတ်တွေရဲ့ အရိုးတွေ နေရာမှာ အစားထိုး အသုံးပြုကြတာ ဖြစ်ပါတယ်။ ခြင်္သေ့မွေးမြူရေး လုပ်တဲ့သူတွေကတော့ သူတို့ဟာ ခြင်္သေ့ရိုင်းတွေရဲ့ ပေါက်ဖွားမှုနှူန်းကို ထိန်းသိမ်း စောင့်ရှောက်နေတာသာဖြစ်တယ်လို့ ပြောပါတယ်။ ” ခြင်္သေ့အရိုးတွေကို ဈေးကွက်မှာ တရားဝင် ရောင်းခွင့်ပေးလိုက်ရင် အရိုးလိုက်ရှာရင်းနဲ့ ခြင်္သေ့ကြောင့် လူတွေသေရတဲ့ အဖြစ်မျိူးတွေ ရှိမလာနိုင်တော့ဘူးလေ” လို့ ခြံပိုင်ရှင် တစ်ယောက်က ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေအနေနဲ့ကတော့ ဒီ အကြောင်းပြချက်တွေကို လက်မခံနိုင်ပါဘူး။ အခုလို အာရှကို အရိုးတွေ တင်ပို့နေတယ်ဆိုတာ နောက်ပိုင်းမှာ ဝယ်လိုအားတွေ ပိုတက်လာဖို့ပဲရှိပါတယ်လို့ ပြောပါတယ်။ ၂၀၀၈ ခုနှစ်မှာ တောင်အာဖရိက ကနေ ခြင်္သေ့အရိုးပေါင်း အကောင် ၅၀ စာ တင်ပို့ ရောင်းချခဲ့ပါတယ်။ ၂၀၁၈ မှာတော့ အကောင် ၈၀၀ ရောင်းချခဲ့တာကြောင့် ဒီကိန်းဂဏန်းတွေဟာ ပြဿနာ ဖြစ်လာနေပါပြီ။ ၂၀ ရာစု အလယ်ပိုင်းလောက်ကနေ အခုချိန်အထိ အာဖရိက ခြင်္သေ့တွေရဲ့ ၉၀ % လောက်ဟာ ပျောက်ကွယ်ကုန်ပြီ ဖြစ်ပါတယ်။ ကြံမျိုးနွယ်တွေဟာလည်းပဲ အခုအချိန်မှာ ခြင်္သေ့မျိုးနွယ်တွေလို သိသိသာသာ လျော့ပါးလာနေတယ် လို့ သိရပါတယ်။

Ref: Brut Nature

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top