Shisa သို့မဟုတ် အိုကီနာဝါကျွန်းစုရဲ့ လာဘ်ကောင်လေး

Shisalarge.jpg

အရပ်ဒေသအသီးသီးမှာ ယုံကြည်မှုအမျိုးမျိုးရှိတတ်ကြပါတယ်။ နေရာဒေသအလိုက် ကွဲပြားခြားနားတဲ့ အယူအဆတွေက တစ်ခါတစ်လေ အလွန်စိတ်ဝင်စားဖွယ်ကောင်းတတ်ပါတယ်။

အခုလည်း ရိုးရာလေးပရိတ်သတ်များအတွက် ဂျပန်နိုင်ငံ အိုကီနာဝါ (Okinawa) ကျွန်းစုရဲ့ လာဘ်ကောင်လေး သို့မဟုတ် Guardian လို့လည်း ပြောနိုင်တဲ့ Shisa (ရှီးဆ သို့မဟုတ် ရှီးဆာ) အကြောင်း​လေး ဗဟုသုတအဖြစ် ​ပြောပြချင်ပါတယ်။

အိုကီနာဝါကျွန်းစုကို ရှေးရှေးတုန်းက ယူးကျူး (Ryukyu) ကျွန်းစုလို့ခေါ်ပါတယ်။ ယူးကျူးကျွန်းသူကျွန်းသားတွေရဲ့ ရိုးရာလက်မှုပညာရပ်တစ်ခုလို့လဲ ခေါ်ဆိုနိုင်တဲ့ ရှီးဆအကောင်လေးတွေကို ကျွန်းရဲ့နေရာအနှံ့အပြားမှာတွေ့ရှိနိုင်ပါတယ်။ အိုကီနာဝါကျွန်းစုတစ်ခုလုံးမှာ ရှီးဆတွေကို အိမ်တွေ၊ စားသောက်ဆိုင်တွေ၊ ကုန်တိုက်တွေ၊ အပန်းဖြေနေရာတွေရဲ့ ဝင်ပေါက်ဝတွေမှာ တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီအကောင်လေးတွေကို အမြဲတမ်းတစ်စုံထုဆစ်တတ်ကြပါတယ်။ တစ်ကောင်က ပါးစပ်ပိတ်ထားပြီး တစ်ကောင်က ပါးစပ်ဟနေတဲ့ ပုံသဏ္ဌာန်ရှိပါတယ်။ အဓိပ္ပါယ်ကတော့ ပါးစပ်ပိတ်ထားတာဟာ ကံကောင်းခြင်းတွေ ကောင်းမွန်တဲ့ဝိဉာဉ်တွေကို ထိန်းသိမ်းထားဖို့ဖြစ်ပြီး ပါးစပ်ဖွင့်ထားတာကတော့ ကံဆိုးခြင်းတွေ နိမိတ်ဆိုးတွေ မကောင်းတဲ့ ဝိဥာဉ်တွေကို မောင်းထုတ်တဲ့သဘောဆောင်ပါတယ်။ တစ်ချို့တွေက ပါးစပ်ပိတ်ထားတဲ့အကောင်က အထီး ပါးစပ်ဖွင့်ထားတာက အမလို့သတ်မှတ်ကြပြီး တစ်ချို့ကတော့ ပြောင်းပြန်သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ယုံကြည်မှုခြင်းကတော့ အတူတူပါပဲ။

ရှီးဆတွေနဲ့ပတ်သက်တဲ့ ဒဏ္ဏာရီပုံပြင်တွေကလည်း အများအပြားရှိပါတယ်။ ဒီအထဲကမှ လူသိများတဲ့ပုံပြင်လေးနှစ်ခုကို ပြောပြပါမယ်။ ပထမတစ်ခုကတော့ ကမ်းခြေရွာကလေးတစ်ရွာကို မကြာခဏဒုက္ခပေးနေတဲ့ နဂါးတစ်ကောင်ရှိပါတယ်။ တစ်နေ့မှာ အိုကီနာဝါက လူကြီးလူကောင်းတစ်ယောက်ဟာ အဲ့ဒီရွာကလေးက ကောင်လေးတစ်ယောက်ကို ရှီးဆအရုပ်လေးကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ နဂါးဟာ ရွာကိုဖျက်ဆီးဖို့ ပေါ်လာတဲ့နေ့မှာ ရှီးဆဟာ အသက်ဝင်လာပြီး နဂါးကို နှိမ်းနင်းကာ ရွာကလေးကို ကယ်လိုက်နိုင်ပါတယ်။

နောက်ထပ်ပုံပြင်လေးတစ်ခုကတော့ ရှီးဆလည်ဆွဲလေးကို တရုတ်သံတမန်က ယူးကျူးဘုရင်ကို လက်ဆောင်အနေနဲ့ ပေးခဲ့ပါတယ်။ နာဟာ (Naha) ပင်လယ်အော်နားက ကမ်းခြေရွာလေးမှာ သောင်းကျန်းနေတဲ့ နဂါးတစ်ကောင်ကို နှိမ်နင်းဖို့ ဘုရင်ဟာကိုယ်တိုင်ကြွချီလာပါတယ်။ နဂါးရှေ့ကို ဘုရင်ရောက်လာတဲ့အခါမှာ ရှီးဆဟာ အသက်ဝင်လာပြီး နဂါးအရှေ့ကိုခုန်ကာ ဟိန်းဟောက်လိုက်ခ်ျိန်မှာ ကောင်းကင်က ကျောက်ခဲအကြီးကြီးကျလာပြီး နဂါးပေါ်ကိုဖိသတ်​လိုက်ပါတယ်။ အဲ့နေရာဟာ အခုအခါ ဂန်နမုအိ(Ganna-mui) ကျွန်းဆိုပြီး တည်ရှိနေပါတယ်။ ပုံပြင်နှစ်ပုဒ်လုံးမှာပါတဲ့ ကမ်းခြေရွာလေးနာမည်ကတော့ မဒန်ဘရှိ (Madanbashi)ရွာကလေးဖြစ်ပြီး အခုတိုင် အဲ့ရွာကလေးဟာ တည်ရှိဆဲပါတဲ့။

Ref: Okinawa Index : Shisa
Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top