မိသားစုကို အချိန်ပေးပါ

fatherson-big.jpg

တစ်ရက် ပန်းခြံတစ်ခုမှာပေါ့။ အမျိုးသမီးတစ်ယောက်ဟာ ကစားကွင်းတစ်ခုအနီးက ခုံတန်းလျားလေး တစ်လုံးပေါ်မှာ ထိုင်နေပါတယ်။ သူ့ဘေးမှာ အမျိုးသားတစ်ဦး ထိုင်နေပါသတဲ့။

“ဟိုးက ကျွန်မသားလေ” လို့ အမျိုးသမီးက အနီရောင် အင်္ကျီဝတ်ထားတဲ့ လျှောစီးနေတဲ့ ကောင်လေး တစ်ဦးကို ညွှန်ပြလိုက်ပါတယ်။ “ကလေးက ချစ်စရာလေးပဲ၊ ဂါဝန်အဖြူလေးနဲ့ စက်ဘီးစီးနေတာ ကျွန်တော့် သမီး” လို့ အမျိုးသားကပြန်ပြောလိုက်ပါတယ်။

အဲဒီနောက်တော့ အမျိုးသားက သူ့လက်က နာရီကို ကြည့်လိုက်ပြီး “အဖေတို့ သွားကြတော့မလား သမီးရေ” လို့ သူ့သမီးကို လှမ်းပြောလိုက်ပါတယ်။ သမီးဖြစ်သူက “နောက်ငါးမိနစ်ပါပဲ အဖေရယ် လုပ်ပါ ငါးမိနစ်တည်းပါပဲ” လို့ အဖေဖြစ်သူကို တောင်းဆိုလိုက်ပါသတဲ့။ အဖေဖြစ်သူလည်း ခေါင်းညိတ်ပြလိုက်ပြီး သမီးဖြစ်သူကို သူ့စိတ်ကြိုက် စက်ဘီးဆက်စီးစေပါတယ်။ မိနစ်ပေါင်းများစွာ ကျော်လွန်လာပြီး ဖခင်ဖြစ်သူက မတ်တပ်ရပ်လိုက်ပြီး “ပြန်ချိန်ကျပြီဟေ့” လို့ သူ့သမီးကို ထပ်ပြောပြန်ပါတယ်။

“နောက်ငါးမိနစ်ပါပဲ အဖေရယ် ငါးမိနစ်တည်းပါနော်” လို့ ထပ်ပြီး တောင်းဆိုပြန်ပါသတဲ့။ အဖေဖြစ်သူလည်း ပြုံးလိုက်ပြီး လက်ခံလိုက်ပါသတဲ့။ “ရှင်က တော်တော်စိတ်ရှည်တဲ့ အဖေပဲနော်” လို့ အမျိုးသမီးက ပြောပါတယ်။

ဖခင်ဖြစ်သူက ပြုံးလိုက်ပြီးတော့ ဒီလို ပြန်ပြောလိုက်ပါသတဲ့။ “သူ့ရဲ့အစ်ကို မနှစ်က ဒီအနားမှာ စက်ဘီးစီးနေတုန်း အရက်မူးနေတဲ့သူတစ်ယောက်က ကားနဲ့တိုက်မိပြီး သေသွားခဲ့တယ်လေ။ ကျွန်တော်က ကျွန်တော့်သားကို အချိန်များများ မပေးခဲ့ဘူး။ အခုအချိန်မှာ သားအတွက်သာဆိုရင် အချိန်ငါးမိနစ်သာ မဟုတ်ပါဘူး ကျွန်တော် ဘာဖြစ်ဖြစ် ပေးနိုင်မှာပါ။ အခုတော့ သမီးလေးကို ဒီလိုအမှားမျိုး ထပ်မဖြစ်ရအောင် ကြိုးစားနေတာပါ။ သမီးက သူနောက်ထပ်ငါးမိနစ် စက်ဘီးစီးရဖို့လို့ ထင်နေတယ်။ အမှန်တကယ်တော့ သမီးလေး ကစားနေတာကို နောက်ထပ်အချိန်ငါးမိနစ် စောင့်ကြည့်နေပေးဖို့ပါ” လို့ ပြောလိုက်ပါသတဲ့။

ဒီပုံပြင်လေးကနေ ရတဲ့သင်ခန်းစာလေးကတော့ ဘဝမှာ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေ အများကြီးပါ။ ဒီထဲမှာမှ မိသားစုဆိုတာကတော့ အားလုံးထက်ပိုပြီးတော့ ဦးစားပေးရမယ့် တစ်ခုတည်းသော အရာပါ။ ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေကို တတ်နိုင်သမျှ အချိန်ပေးဖို့ မမေ့ကြပါနဲ့နော်။

Ref: Five More Minutes

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top