အိမ်ခြေရာမဲ့ရဲ့ဆံပင်ပုံစံကို ဆံပင်ညှပ်ဆရာတစ်ဦးက အဖိုးအခမယူဘဲပြောင်းလဲပေးလိုက်တဲ့အခါ

21-1-2021-yyl-43.jpg

အဝတ်အစားနဲ့ဆံပင်ပုံစံက လူတစ်ယောက်ရဲ့အသွင်အပြင်ကို ပြောင်းလဲစေနိုင်တယ်ဆိုတာ မှန်ပါတယ်။ မိမိနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ပြောင်းလဲပစ်လိုက်မယ်ဆိုရင် လူတစ်ယောက်ရဲ့အသွင်အပြင်က လုံးဝကို ပြောင်းလဲသွားတာပါ။ အဲဒီလိုပဲ ရှုပ်ပွနေတဲ့ဆံပင်အရှည်နဲ့ အိမ်ခြေရာမဲ့တစ်ယောက်ကို ပြင်သစ်ဆယ်လီဆံပင်ညှပ်ဆရာတစ်ယောက်ဖြစ်တဲ့ ဒေးဗစ် ကိုဒတ်တ် (David Kodat) ဆိုသူက ပြောင်းလဲပေးလိုက်တဲ့အခါမှာ ကြည့်ကောင်းသွားခဲ့ပါတယ်။ အဲဒီအိမ်ရာမဲ့အမျိုးသားကို ဒေးဗစ်က အဖိုးအခမယူဘဲ ဆံပင်ညှပ်ပေးခဲ့တာပါ။

လူမှုကွန်ယက်အသုံးပြုသူတွေက ဒေးဗစ်ညှပ်ပေးလိုက်တဲ့ဆံပင်စတိုင်အသစ်နဲ့ အိမ်ခြေရာမဲ့ကြည့်ကောင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒေးဗစ်က အဲဒီအမျိုးသားရဲ့မီးခိုရောင်ဆံပင်အရှည်ကြီးကို ဖက်ရှင်ကျတဲ့ဆံပင်ပုံစံအဖြစ် ပြောင်းလဲပေးခဲ့တာပါ။ သူ့ရဲ့မုတ်ဆိတ်မွေးအရှည်ကြီးကိုလည်း ပုံဖော်ကာ ညှပ်ပေးခဲ့ပါသေးတယ်။ အိမ်ခြေရာမဲ့ရဲ့ဆံပင်ပုံစံပြောင်းလဲပေးနေတာကို TikTok မှာ မှတ်တမ်းတင်ထားခဲ့တာပါ။ ဒေးဗစ်ရဲ့TikTok ဗီဒီယို shorturl.at/ituF5 ကို အားပေးတဲ့ လူမှုကွန်ယက်အသုံးပြုသူတွေလည်းများပါတယ်။

ဒေးဗစ်ဟာ ဆယ်လီတွေကို ဆံပင်ညှပ်ပေးနေတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ဆံပင်ညှပ်စွမ်းရည်နဲ့ ပရဟိတအလုပ်တွေကြောင့် လူသိများပါတယ်။ ဒေးဗစ်ကိုယ်တိုင်က အိမ်ခြေရာမဲ့ဖြစ်ခဲ့ဖူးတာကြောင့် အိမ်ခြေရာမဲ့အမျိုးသားကို အခုလိုကူညီပေးခဲ့တာပါ။ ဒေးဗစ် ငယ်စဉ်က ခက်ခဲတဲ့အချိန်တွေရှိခဲ့ပြီး အိမ်ခြေရာမဲ့ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကအခိုက်အတန့်တွေကို ဘယ်တော့မှ မမေ့ဘဲ ခေါင်းထဲထည့်ထားတယ်လို့ ဒေးဗစ်က ဆိုပါတယ်။ ဒေးဗစ်က ဒုက္ခရောက်နေတဲ့လူတွေကို မြင်ရင် မကူညီဘဲနဲ့ မနေနိုင်ခဲ့ဘူး။ ပရဟိတအဖွဲ့ထဲဝင်ပြီး တနင်္ဂနွေနေ့တိုင်း အိမ်ခြေရာမဲ့တွေကို အစားအစာလှူဒါန်းတဲ့အပြင် သူတတ်တဲ့ပညာနဲ့လည်း ကူညီပေးလေ့ရှိပါတယ်။

ဒေးဗစ်က ဆံပင်ညှပ်ဆရာဖြစ်ချင်ခဲ့တာမဟုတ်ပါဘူး။ ရွေးချယ်စရာမရှိလို့သာ ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာပါ။ ကျောင်းမှာ စာမတော်တဲ့အတွက် သူ့အဖေက ဒီအလုပ်ကို လုပ်စေခဲ့တာပါ။ ငယ်ငယ်လေးနဲ့ ဆံပင်ညှပ်ဆရာဖြစ်ခဲ့ပြီး နောက်ပိုင်းကျမှ ဆံပင်ညှပ်ရတာကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ သူ့လို ဆံပင်ညှပ်ဆရာကတောင် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနိုင်တာကြောင့် ဘယ်လိုအလုပ်မျိုးလုပ်နေတဲ့သူပဲဖြစ်ဖြစ် လူတွေအတွက် ကောင်းတာလုပ်ပေးနိုင်တယ်လို့ ဒေးဗစ်က ဆိုပါတယ်။

Ref: BoredPanda “Awesome Barber Transforms This Homeless Man For Free And His Before And After Pics Show Another Man”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top