မိဘတွေအနေနဲ့ သားသမီးတွေရဲ့လုံခြုံမှုအတွက် သိထားရမယ့် အနိုင်ကျင့်ဗိုလ်ကျမှုများ

bully1.jpg

သားသမီးတွေအတွက် မိဘတွေ လုပ်ပေးရမယ့် အရေးကြီးဆုံး တာဝန်တွေထဲက တစ်ခုကတော့ အနိုင်ကျင့်ဗိုလ်ကျခံရမှုကနေ မိမိရဲ့သားသမီးတွေကို ကာကွယ်ပေးဖို့ပါပဲ။ တခြားတစ်ယောက်ရဲ့အပြုအမူကြောင့် ငိုပြီးပြန်လာတဲ့ သားသမီးတွေကို မြင်ရတာက မိဘတွေအတွက် သေချာပေါက် စိုးရိမ်ပူပန်မှုတစ်ခုပါပဲ။ မိဘတွေအနေနဲ့ အနိုင်ကျင့်ဗိုလ်ကျခြင်း (သို့) ကြီးနိုင်ငယ်ညှင်းပြုခြင်းအမျိုးအစားတွေကို သိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ မိမိရဲ့သားသမီးတွေ ကြီးနိုင်ငယ်ညှင်းပြုခြင်းတွေနဲ့ ပတ်သတ်မိလာရင် စိတ်အေးအေးထားပြီး ကိုင်တွယ်နိုင်အောင် အဖြစ်အများဆုံးအမျိုးအစားတွေကို သိရှိစေဖို့အတွက် မျှဝေပေးလိုက်ရပါတယ်။

ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ဗိုလ်ကျခြင်း
ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ဗိုလ်ကျခြင်းက လူငယ်တွေကြားမှာ အဖြစ်အများဆုံးအရာတစ်ခုပါပဲ။ မိမိထက် ခန္ဓာကိုယ်ထွားပြီး သန်မာတဲ့သူတစ်ယောက်က အားနွဲ့တဲ့တစ်ယောက်ကို ခြိမ်းခြောက်ဖို့ ကြိုးစားတာမျိုးပါ။ ရိုက်နှက်ခြင်း၊ ခြေထောက်နဲ့ကန်ခြင်း၊ လက်သီးနဲ့ထိုးခြင်း၊ သွားတဲ့လမ်းမှာဟန့်တားခြင်းတွေ ပါလာပြီး ဆံပင်ဆွဲဆောင့်ခြင်းတွေအထိဖြစ်နိုင်ပါတယ်။

-ကလေးတွေဟာ သူတို့ဖြစ်ခဲ့တဲ့အရာတွေ၊ ခံစားရတဲ့အရာတွေကို ပြောလေ့ပြောထမရှိတဲ့အတွက် မိဘတွေအနေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာတွေရှိမရှိ အမြဲတမ်း ကြည့်ပေးပါ။

နှုတ်နဲ့အနိုင်ကျင့်ဗိုလ်ကျခြင်း
နှုတ်နဲ့အနိုင်ကျင့်ဗိုလ်ကျခြင်းမှာဆိုရင် ထိခိုက်နာကျင်စေတဲ့၊ ရင့်သီးတဲ့ စကားလုံးတွေအသုံးပြုတာ၊ နာမည်ခေါ်တာ၊ ခြိမ်းခြောက်တာတွေ ပါလာပါတယ်။ အဲဒီလို ရက်စက်တဲ့စကားလုံးတွေ၊ ဝေဖန်မှုတွေဟာ တစ်စုံတစ်ယောက်ကို နာကျင်စေချင်တဲ့သဘောပါပဲ။ လူတစ်ယောက်ရဲ့ရုပ်ရည်အသွင်အပြင်၊ ကိုးကွယ်တဲ့ဘာသာ၊ ပြုမှုနေထိုင်ခြင်းတွေကို စော်ကားပြောဆိုခြင်းတွေလည်း ပါဝင်ပါတယ်။

– နှုတ်နဲ့အနိုင်ကျင့်ခြင်းက ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းလို သတိပြုမိဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ နှုတ်နဲ့အနိုင်ကျင့်ခံရတာကို ညွှန်ပြနေတဲ့ လက္ခဏာတွေ၊ သင်္ကေတတွေရှိပါတယ်။ သင်ရဲ့ကလေးက ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတာ၊ အားငယ်လာတာ၊ တစ်ယောက်တည်းနေတာတွေဖြစ်လာနိုင်ပါတယ်။ မိဘတွေအနေနဲ့ မိမိရဲ့ကလေးကို ယုံကြည်ချက်ရှိလာအောင် ရိုက်သွင်းပါ။ အနိုင်ကျင့်ပြီးပြောတဲ့စကားတွေကို လျစ်လျူရှုခိုင်းမဲ့အစား ဘယ်လို ကြံ့ကြံံ့ခံနိုင်ရမယ်ဆိုတာကို သင်ပေးရမှာပါ။

လှုမှုကွန်ယက်ပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျခြင်း

ဒီတစ်ခုကတော့ လက်ရှိအဖြစ်များဆုံးနဲ့ အန္တရာယ်အရှိဆုံးအနိုင်ကျင့်မှုပါပဲ။ ဖေ့စ်ဘွတ်အသုံးပြုနေတဲ့ ဆယ်ကျော်သက်တွေကို လိုင်းပေါ်ကနေ နာမည်ခေါ်ပြီး challengeလုပ်တာတွေ၊ နာကျင်စေတဲ့၊ ကြောက်စရာကောင်းတဲ့စာသားတွေ၊ ခြိမ်းခြောက်စာတွေ ပို့ခြင်း၊ တင်ခြင်းတွေက လူမှုကွန်ယက်ပေါ်မှာ အနိုင်ကျင့်ခြင်းပါပဲ။ အဲဒါတွေက ဆယ်ကျော်သက်တွေကို ကိုယ့်ကိုယ်ကို သက်သေတဲ့အထိ ဖြစ်စေပါတယ်။

-မိဘတွေက မိမိတို့ရဲ့ကလေးတွေကို အွန်လိုင်းသုံးနေတဲ့ အချိန်ပမာဏကို ကြီးကြပ်ပေးပါ။ အပြင်မထွက်တော့ဘဲ အခန်းထဲပဲ အောင်းနေပြီး လိုင်းသုံးနေလားဆိုတာကို သတိပြုမိပါစေ။

လူရာမသွင်းဘဲ ပစ်ပယ်ထားပြီး အနိုင်ကျင့်ဗိုလ်ကျခြင်း
ဒီလိုအနိုင်ကျင့်ခြင်းက လူတစ်ယောက်ရဲ့အကြောင်းကို မကောင်းအောင်၊ ကုန်းချောစကားဆိုတာမျိုးကိုပြောတာပါပဲ။ တစ်စုံတစ်ယောက်ကို အဖွဲ့ထဲက ထုတ်ပယ်လိုက်တာ၊ ဂုဏ်သက္ခာကျဆင်းအောင် ယုတ္တိမရှိတဲ့မကောင်းသတင်းတွေဖြန့်တာတွေပါပဲ။ လူတစ်ယောက်ကို အဖွဲ့လိုက်အနိုင်ကျင့်တာမျိုးလည်းဖြစ်ပါတယ်။

-မိဘတွေက မိမိရဲ့ကလေးကို သူရဲ့သက်တူရွယ်တူသူငယ်ချင်းတွေနဲ့ ဘယ်လိုဆက်ဆံရေးရှိလဲဆိုတာကို အာရုံစိုက်ထားပါ။ သင်ရဲ့ကလေးက အဖော်မဲ့လာပြီး လူမှုအသိုင်းအဝန်းနဲ့ အဆက်အသွယ်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဘာတွေဖြစ်တာလဲဆိုတာကို သင့်ကလေးနဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။

စာဖတ်ပရိသတ်တွေလည်း မိမိရဲ့သားသမီးတွေ လုံခြုံဖို့နဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေနဲ့ မကြုံတွေ့ဖို့ရာ အနိုင်ကျင့်ဗိုလ်ကျခြင်းတွေကို သေသေချာချာသိအောင်လုပ်ဖို့ အရေးကြီးပါတယ်။

Ref: Parents, be aware of these 4 types of bullying to safeguard your children
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top