ONE Championship ပြိုင်ပွဲကြီးတွင် ချန်ပီယံခါးပတ်ကို အရယူရန် ရည်မှန်းထားသော Njokuani

IMGL9147-1200x800.jpg

Anthony Njokuani သည် ONE Super Series ပွဲစဉ်တွင် ပွဲဦးထွက်ပြိုင်ပွဲကို မယုံနိုင်လောက်အောင် ထူးခြားလွန်းသည့် စွမ်းဆောင်မှုဖြင့် နိုင်ပွဲရလိုက်ပြီးနောက် လာမည့်ဖေဖော်ဝါရီ ၂၂ ရက် တွင် စင်္ကာပူ၌ကျင်းပမည့် ONE: CALL OF GREATNESS ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ရန် အကောင်းဆုံးအနေအထားတစ်ခုတွင် ရှိနေပြီဟု ဆိုသည်။

အသက်(၃၈)နှစ်အရွယ် Njokuani သည် စင်္ကာပူ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပမည့် ပြိုင်ပွဲကြီးတွင် Regian Eersel နှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်း၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားသက်တမ်းတလျှောက် အကြီးမားဆုံးနိုင်ပွဲရယူရန်လည်း ပြင်ဆင်ထားသည်။ ၂၀၁၈ခုနှစ် အောက်တိုဘာ ၆ ရက်နေ့က ဘန်ကောက်တွင်ကျင်းပပြုလုပ်ခဲ့သည့် KINGDOM OF HEROES ပြိုင်ပွဲကြီး၏ Kickboxing ပြိုင်ပွဲတွင် Njokuani သည် ပြိုင်ဘက် Andy Souwer ကို အကြိတ်အနယ် ယှဉ်ပြိုင်ကာ အနိုင်ရယူခဲ့သည်။

သို့သော်လည်း The Assassin ဟူသော အမည်ရထားသည့် Njkuani သည် နာမည်ကြီး Kickboxing ကစားသမား Souwer ကို အ ကောင်းဆုံးထိုးသတ်ကာ ဒိုင်လူကြီး ၃ဦးအနက် ၂ဦး၏ အနိုင်ပေးမှုဖြင့် အောင်ပွဲခံနိုင်ခဲ့ရာ ပရိသတ်များအားလုံး အံ့အားသင့်ခဲ့ကြသည်။ UFC ကစားသမားဟောင်း Njokuani သည် ထိုပွဲစဉ်တွင်အလွန်ပင် စိတ်လှုပ်ရှားခဲ့ရကြောင်း ဝန်ခံခဲ့သည်။

“ကျွန်တော့်အတွေ့အကြုံကိုမျှဝေရမယ်ဆိုရင် အဲဒီပွဲမှာ ကျွန်တော်တကယ့်ကို စိုးရိမ်ပူပန်ခဲ့ရတယ်ဆိုတာပါပဲ။ ကျွန်တော် မလိမ်ပါဘူး။ ကိုယ်ခံပညာ ကစားသမား တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ Kickboxing ပွဲစဉ်တွေမှာ နှစ်ပေါင်းများစွာ အဆင့်တစ်ခုနဲ့ ရှိနေခဲ့သူပါ။ K-1 နဲ့ တခြား Kickboxing ပြိုင်ပွဲတွေကိုလည်း
ကြည့်ခဲ့တာပါ။ ဒါပေမဲ့ Kickboxing ပွဲတွေအနေနဲ့ကတော့ ၂၇ ပွဲလောက်ပဲ ထိုးဖူးပါတယ်။ Kickboxing ပွဲပေါင်း၂၀၀ ကျော်ထိုးဖူးတဲ့ Souwer နဲ့ရင်ဆိုင်ဖို့ ကြိုးဝိုင်းထဲ ဝင်သွားခဲ့တဲ့အချိန်က တကယ်ကိုကြောက်ဖို့ကောင်းပါတယ် ” ဟု ထိုစဉ်ကအဖြစ်ကို ပြန်ပြောင်းပြောပြခဲ့သည်။

Njkuani အနေဖြင့် ONE Championship တွင် ပိုမိုထင်ရှားသော ကစားသမားဖြစ်လာစေရန် နည်းလမ်းများထဲတွင် နယ်သာလန် ကစားသမား Souwer နှင့် ယှဉ်ပြိုင်စဉ်ကလက်ရည်ကို ယခုပြိုင်ပွဲတွင် ဆက်လက်ထိန်းသိမ်းထားမည့်နည်းလမ်းလောက် ကောင်းသောနည်းမရှိချေ။

လာမည့်ဖေဖော်ဝါရီ(၂၂)ရက်တွင် Njoknuani သည် ၎င်း၏အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်း နိုင်ရန်အတွက် Souwer ကဲ့သို့ ဒတ်ချ်နိုင်ငံသား ကစားသမားတစ်ဦးဖြစ်သူ Eersel နှင့် ထပ်မံဆုံတွေ့ရဦးမည်ဖြစ်သည်။ Eersel မှာ နှယ်နှယ်ရရမဟုတ်ဘဲ Kickboxing နှင့် မွေထိုင်း ပြိုင်ပွဲများတွင် အတွေ့အကြုံများစွာ ရှိထားသည့် ကစားသမားကောင်းတစ်ဦးဖြစ်သည်။

ထို့အပြင် Eersel သည် ONE Super Series ပွဲစဉ်တွင် ယှဉ်ပြိုင်ခဲ့သည့် ၎င်း၏ ပွဲဦးထွက်ပြိုင်ပွဲ၌ အနိုင်ရထားသလို MFC နှင့် Lion Fight World Championship တို့တွင်လည်း ချန်ပီယံဖြစ်ခဲ့ဖူးသူဖြစ်သည်။ နိုင်ဂျီးရီးယားနိုင်ငံဖွားဖြစ်သော်လည်း အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ Njokuani မှာ လာ့စ်ဗီး ဂတ်စ် တွင် အခြေစိုက်နေထိုင်နေသူဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူ Eersel ၏ ကြိုးဝိုင်းအတွင်း အကောင်းဆုံးလက်ရည်ဖြင့် ထိုးသတ်ထားမှုများကို မြင်တွေ့ထားသူဖြစ်ရာ လေးလေးစားစား ယှဉ်ပြိုင်ထိုးသတ်သွားမည်ဟုလည်း ကတိပေးထားသည်။

ယခုပြိုင်ပွဲတွင် Njokuani နှင့် Eersel တို့၏ယှဉ်ပြိုင်မှုသည် ပထမဆုံးတွေ့ဆုံမှုမဟုတ်ဘဲ Lion Fight ပွဲစဉ်တွင် ဆုံခဲ့ဖူးသည်။ ယခုတစ်ကြိမ် တွေဆုံမှုတွင်လည်း Eersel ကို အနိုင်ယူထိုးသတ်မည့်အကြောင်း ပြောကြားရန် တုံ့ဆိုင်းနေမည်မဟုတ်ဟုလည်း UFC ဝါရင့်ကစားသမား Njokuani က ကြုံးဝါးထားသည်။

“Lion Fight မှာတုန်းက Eersel နဲ့အတူတူ ထိုးခဲ့ဖူးတယ်။ ဒါကြောင့် သူဘာတွေကောင်းတယ်ဆိုတာ မြင်ဖူးပြီးသားပါ။ Eersel က ဒတ်ချ်လူမျိုး ကစားသမားကောင်းတစ်ယောက်ဖြစ်တာကြောင့် ထိုးလုံးသတ်ပေါက်စုံပါတယ်။ ဒါပေမယ့် သူဘယ်လိုပုံစံနဲ့ပဲ တိုက်ခိုက်လာပါစေ ရင်ဆိုင်နိုင်တယ်လို့ ခံစားမိတယ်။ သူ့ရဲ့ဒူးတိုက်ချက်တွေက အရမ်းအားပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ညာလက်နဲ့ သူ့ကိုအနိုင်ယူနိုင်မယ်လို့ ယုံကြည်တယ်” ဟု Njokuani က ဆိုသည်။

Njokuani သည် နောက်ဆုံးထိုးသတ်ခဲ့သောပွဲ၏ ရလဒ်ကောင်း ရရှိမှုအပေါ် ကျေနပ်နေခြင်းသည် နောက်ထပ်ပြိုင်ပွဲရလဒ်ကို ပို၍ ကောင်းမွန်စေမည်မဟုတ်ဟု သိထားသဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အဖွဲ့အစည်းတွင် ထိပ်တန်းကစားသမားအဖြစ်ရပ်တည်နိုင်ခြင်းကို သက်သေပြရန် ထိုအတွေးများကို မောင်းထုတ်ထားသည်။ ထို့အပြင် ယခင်ကကဲ့သို့ပင် အနိုင်ရရှိရန် ပြင်းပြင်းထန်ထန် လေ့ကျင့်လျက်ရှိသည်။

“လေ့ကျင့်မှုကအရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Souwer ကိုအနိုင်ယူပြီးနောက်ထပ်ရင်ဆိုင်ရမယ့်သူက တကယ်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်လို့ နာမည်ကြီးနေတဲ့ Eersel ဖြစ်နေလို့ပါပဲ။ သူက စိန်ခေါ်လာတဲ့အတွက် ပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် အရည်အချင်းကို ကမ္ဘာကသိသွားအောင်ပြခွင့်ရမှာဖြစ်လို့ပါပဲ ” ဟု ပွဲအပေါ်ပြင်ဆင်မှုနှင့် ပြိုင်ဘက်အပေါ်ခံယူထားမှုကို Njokuani က ရှင်းပြသည်။

ONE Championship ပြိုင်ပွဲများကို အမေရိကန်ပြည်ထောင်စုတွင် ပြသခွင့်ရရှိထားရာ ONE Super Series ပွဲစဉ်တွင် နှစ်ပွဲဆက်အနိုင်ရရှိထားသော Njokuani ၏ ယှဉ်ပြိုင်မှုကို အမေရိကန်ပြည်ထောင်စုတွင် ပြသနိုင်ခဲ့သဖြင့် ၎င်းသည် ပိုမိုကျော်ကြားလာခဲ့သည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံ နယ်ပယ်တွင်အအောင်မြင်ဆုံးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် ONE Championship ပွဲစဉ်များကို B/R Live မှတစ်ဆင့် ပြသနေရာ ထိုအချက်က Eersel နှင့်ထိုးသတ်ရမည့်ပွဲအတွက် အားတက်စရာဖြစ်သည်ဟု Njokuani က သုံးသပ်ထားသည်။

“ဒါကသိပ်ကောင်းပါတယ်။ ONE Championship က ဒီလိုလမ်းကြောင်းကိုသွားတာ ကောင်းပါတယ်။ ရုပ်သံထုတ်လွှင့်မှုမှာ ပါဝင်ခွင့်ကိုရလိုက်တာ အရမ်းပျော်ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ပွဲကို အားလုံးကြည့်ရတော့မယ်လေ” ဟု ဒုတိယမိခင်နိုင်ငံမှ ပရိသတ်များ ၎င်း၏ ပွဲစဉ်အား ကြည့်ရှုခွင့်ရမည့်အပေါ် Njokuani က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် အောက်တိုဘာလက Souwer ကို အနိုင်ယူကာ စိတ်ဓာတ်တက်ကြွနေသည့် Njokuani သည် Eersel နှင့်ပွဲကိုလည်း ထပ်မံအနိုင်ယူရန် စိတ်အားထက်သန်နေသည်။ ၎င်း ONE Championship သို့ ဝင်ရောက်လာခဲ့ခြင်းသည် ချန်ပီယံတစ်ယောက်ဖြစ်ချင်သောကြောင့်ဖြစ်သည်။

အနာဂတ်ရည်မှန်းချက်နှင့်ပတ်သက်၍ Njokuani က ” ONE Championship ကိုရောက်လာပြီး Souwer ကို အနိုင်ရလိုက်ချိန်တုန်းက အလွန်ဝမ်းသာမိပါတယ်။ ချန်ပီယံခါးပတ်ကိုလည်း ရအောင်ယူသွားမှာပါ။ အဲဒါက ကျွန်တော့်စိတ်ထဲမှာရှိတဲ့ တစ်ခုတည်းသောအရာပါပဲ” ဟု ပြောသည်။

Ref: ONE Championship

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top