လူတွေကို မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ လွတ်မြောက်စေသူ

V5.jpg

အိမ်ထောင်ရှင်မတွေကြားထဲမှာတော့ လီဇီချီကို “စွယ်စုံရတဲ့ တရုတ်မလေး”လို့ ချစ်စနိုးခေါ်ကြပါတယ်။ အခြေခံကုန်ကြမ်းပစ္စည်းတွေ အသုံးပြုပြီး တရုတ်နိုင်ငံရဲ့ မိရိုးဖလာနည်းလမ်းတွေအတိုင်း အစားအသောက်နဲ့ လက်မှုပစ္စည်းတွေ ဖန်တီးပြတဲ့ လီဇီချီရဲ့ ဗီဒီယိုတွေက လူသန်းပေါင်းများစွာကို မွန်းကျပ်ဖွယ် မြို့ပြလူနေမှုပုံစံကနေ အခိုက်အတန့်ကြာ လွတ်မြောက်ခွင့်ရစေပါတယ်။ ” ဒီနေ့ခေတ်မှာ လူတွေက လုပ်ငန်းခွင်မှာရော၊ ဘဝထဲမှာပါ ဖိအား အဆမတန်ခံစားနေရတယ်။ သူတို့ကို စိုးရိမ်ပူပန်မှုတွေ၊ ဖိအားတွေကနေ ကင်းလွတ်စေပြီး စိတ်ပေါ့ပါးအောင် လုပ်ပေးချင်တယ်။ ကောင်းမွန်တဲ့ အတွေ့အကြုံ ခံစားစေချင်တယ်”လို့ လီဇီချီက ပြောပါတယ်။

ကိုယ်တိုင်ထွန်ယက်စိုက်ပျိုး၊ ကိုယ်တိုင်ခူးဆွတ်၊ ချက်ပြုတ်ပြတဲ့ လီဇီချီဟာ ဒဏ္ဍာရီဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်လိုပါပဲ။ တောထဲမှာ ဝါးပင်တွေခုတ်ပြီး ဝါးထိုင်ခုံတွေ၊ ဝါးကွပ်ပျစ်တွေ သူလုပ်တယ်။ သူစိုက်ထားတဲ့ စိုက်ခင်းထဲက အသီးအရွက်တွေကို ခူးဆွတ်ချက်ပြုတယ်။ သိုးမွေးအဝတ်အထည်တွေထိုးဖို့ သိုးတွေရဲ့ အမွေးကို ညှပ်ပြီး ကိုယ်တိုင်သိုးမွေးရက်တယ်။ အရောင်ဆိုးဖို့အတွက် ဆိုးဆေးတွေ မသုံးဘဲ သဘာဝနည်းလမ်းအတိုင်း အရောင်ဆိုးတယ်။ ပိုးထည်ချုပ်ဖို့အတွက် ပိုးကောင်တွေ မွေးပြီး ပိုးအိမ်တွေကနေ ပိုးချည်ရက်တယ်။ ကုန်ကုန်ပြောရရင် မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပါးနီကိုတောင် ကိုယ်တောင်ဖန်တီးတယ်ဆိုတော့ သူ့ဗီဒီယိုတွေကိုကြည့်ရင် လူတွေ ကြည်နူးလန်းဆန်းရတာ အမှန်ပါပဲ။ သူ့ရဲ့ Youtube ချန်နယ်မှာ အားပေးသူ (၈)သန်းကျော်ရှိပြီး တရုတ်နိုင်ငံရဲ့ တွစ်တာလို့ တင်စားကြတဲ့ စိနဝေဘို(Sina Weibo) လူမှုကွန်ရက်စာမျက်နှာမှာတော့ အားပေးသူ (၁၉)သန်းကျော် ရှိပါတယ်။ လီဇီချီကို အားကျပြီး သူ့လိုဗီဒီယိုမျိုး ဖန်တီးကြသူ တော်တော်များများလည်း ရှိလာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ သူ့ဗီဒီယိုတွေကို ကြည့်ရှုအားပေးသူက သန်း(၇၀)ကျော်ရှိပါတယ်။ လီဇီချီဟာ လူမမယ်ကလေးဘဝကတည်းက မိဘမဲ့ဖြစ်ခဲ့လို့ အဘိုးအဘွားတွေနဲ့ အတူတူနေခဲ့ရပါတယ်။ သူတို့နေတဲ့နေရာက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရဲ့ ကျေးလက်ဒေသဖြစ်တဲ့ မိန့်ယန်းမြို့၊ ပင်ဝူကောင်တီ ဖြစ်ပါတယ်။ လီဇီချီဟာ ကြီးပြင်းလာချိန်မှာ မြို့တက်ပြီး DJ လုပ်ခဲ့ပေမဲ့ သူ့အဘိုး ဆုံးပါးသွားချိန်မှာ အဘွားကို ပြုစုစောင့်ရှောက်ဖို့ အဘွားအိမ်ကို ပြန်လာခဲ့တာပါ။ ၂၀၁၅ ခုနှစ်က Meipai app ပေါ်မှာ ဗီဒီယိုတွေ စတင်ခဲ့ပါတယ်။ လီဇီချီဟာ အကူလူတစ်ယောက်၊ ဗီဒီယိုသမားတစ်ယောက်နဲ့အတူ ဗီဒီယိုတွေ ဖန်တီးခဲ့တာပါ။ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာတော့ People’s Daily သတင်းစာက ပေးအပ်တဲ့ People’s Choice Award ဆွတ်ခူးခဲ့ပါတယ်။ လီဇီချီဟာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ မြှင့်တင်ပေးနေသူလို့ CCTV သတင်းဌာနက ချီးကျူးခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိနေတဲ့ လီဇီချီဟာ အိမ်ထောင်မပြုဖို့၊ ကလေးမယူဖို့ ဆုံးဖြတ်ထားသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top