ကမ္ဘာ့ကြွယ်ဝချမ်းသာဆုံး အမျိုးသမီးဖြစ်လာခဲ့တဲ့ ဂျက်ဖ် ဘီဇို့စ်ရဲ့ဇနီးဟောင်း

4-9-2020-yyl-009.jpg

အမေဇုံကုမ္ပဏီရဲ့ တည်ထောင်သူလည်းဖြစ်တဲ့၊ ကမ္ဘာ့ကြွယ်ဝချမ်းသာဆုံးအမျိုးသားလည်းဖြစ်တဲ့ ဂျက်ဖ် ဘီဇို့စ်ရဲ့ဇနီးဟောင်း မက္ကင်ဇီ စကော့တ် (MacKenzie Scott) ဟာ အခုဆိုရင် ကမ္ဘာ့ကြွယ်ဝချမ်းသာဆုံး အမျိုးသမီးဖြစ်လာခဲ့ပါပြီ။ သူဟာ သူ့ခင်ပွန်းဟောင်းနဲ့အပြိုင် ကမ္ဘာ့ကြွယ်ဝချမ်းသာဆုံး အမျိုးသမီးဖြစ်လာခဲ့တာဖြစ်တယ်လို့ ဆိုရမှာပါပဲ။ မက္ကင်ဇီရဲ့အသားတင်ကြွယ်ဝချမ်းသာမှုက L’Oreal ရဲ့အမွေဆက်ခံသူ ဖရန်ကိုဆီ ဘတ်တန်ကော့ မီရားစ် ထက်ကျော်လွန်ပြီး ဒေါ်လာ ၆၈ ဘီလျံ ရှိတယ်လို့ Bloomberg ရဲ့ Billonaire Index အရ သိရပါတယ်။

မက္ကင်ဇီက ၂၀၁၉ခုနှစ်မှာ ဂျက်ဖ် ဘီဇို့စ်နဲ့ ကွာရှင်းတုန်းကလည်း အမေဇုံရဲ့ရှယ်ယာ လေးပုံတစ်ပုံကို ရရှိခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက ရရှိခဲ့တဲ့ရှယ်ယာက ဒေါ်လာ ၃၅ ဘီလျံ တန်ဖိုးရှိပါတယ်။ အခုဆိုရင် မက္ကင်ဇီက ကမ္ဘာ့ကြွယ်ဝချမ်းသာဆုံး အမျိုးသမီးစာရင်းမှာ ထိပ်ဆုံးကဖြစ်တဲ့အပြင် ကမ္ဘာ့ကြွယ်ဝချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှာလည်း နံပါတ် (၁၂) နေရာမှာ ရပ်တည်နေပါတယ်။

ဇူလိုင်လက မက္ကင်ဇီက လူမည်းကောလိပ်နဲ့ တက္ကသိုလ် (၄) ခုအပါအဝင် အဖွဲ့အစည်း ၁၁၆ ခုကို ဒေါ်လာ ၁.၇ ဘီလျံ နီးပါးလှူဒါန်းခဲ့တယ်ဆိုတာကို ကြေညာခဲ့ပါတယ်။ သူက လူမျိုးရေးတန်းတူညီမျှမှုကနေစပြီး ရာသီဥတုပြောင်းလဲမှုအထိ လိုအပ်တဲ့နေရာ (၉) ခုထဲက တစ်ခုကို အလေးပေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ထုတ်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း မက္ကင်ဇီက ဝါရင် ဘတ်ဖတ် (Warren Buffett)၊ ဘီလ်နဲ့ မလင်ဒါဂိတ်စ်တို့ တည်ထောင်ခဲ့တဲ့ the Giving Pledge Initiative အဖွဲ့အစည်းမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအဖွဲ့အစည်းက ကမ္ဘာ့အချမ်းသာဆုံးလူတွေရဲ့ကြွယ်ဝချမ်းသာမှုအများစုကို ပရဟိတအတွက် လှူဒါန်းဖို့ တွန်းအားပေးနေတာဖြစ်ပါတယ်။

မက္ကင်ဇီရဲ့ခင်ပွန်းဟောင်းဂျက်ဖ် ဘီဇို့စ်ကတော့ အဲဒီအဖွဲ့အစည်းမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပါဘူး။ အမေဇုံရဲ့စတော့ရှယ်ယာက ပြီးခဲ့တဲ့ (၃) လကျော်လောက်မှာ ၂၈ရာခိုင်နှုန်း ခုန်တက်သွားခဲ့ပြီး အခုနှစ်မှာ ၉၀ ရာခိုင်နှုန်းကျော် မြင့်တက်နေပါတယ်။ ရှယ်ယာမြင့်တက်မှုက ဂျက်ဖ် ဘီဇို့စ်ရဲ့ကြွယ်ဝချမ်းသာမှုကို ဒေါ်လာ ၂၀၀ ဘီလျံထိ တိုးသွားစေခဲ့ပါတယ်။ အခုအပတ်အစောပိုင်းမှာ အီလွန်မာ့စ် (Elon Musk) ကတော့ မာ့ခ် ဇက်ကာဘာ့ဂ် (Mark Zuckerberg)ကို ကျော်ပြီး တတိယကြွယ်ဝချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။

Ref: CNN “MacKenzie Scott has become the world’s richest woman”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top