Eduard Folayang ၏ အကောင်းဆုံးပွဲစဉ် (၅) ပွဲ

15107304_1234722753217644_7293341193259694287_n.0.jpg

ဖိလစ်ပိုင်ပြည်သူများကြားတွင် ၎င်းတို့နိုင်ငံတော်အလံကို ကိုယ်စားပြုယှဉ်ပြိုင်ကြသည့် ကိုယ်ခံပညာသိုင်းပေါင်း စုံအားကစားသမားများအနက် Eduard “Landslide” Folayang လောက် စိတ်ဓာတ်လှုံ့ဆော်မှုပေးနိုင်သော ကစားသမားမျိုး မရှိခဲ့ဖူးပေ။ ONE Championship သမိုင်းတစ်လျှောက် အမှတ်ရစရာအကောင်းဆုံး လုပ်ဆောင်မှုများပြုလုပ်ထားသော Team Lakay အသင်းသား Folayang သည် မနီလာမြို့ရှိ Mall Of Asia Arena အားကစားပြိုင်ပွဲရုံတွင်ပြုလုပ်မည့်ပြိုင်ပွဲတွင် ပြင်းပြသောဆန္ဒဖြင့် အိမ်ရှင်ပရိသတ်များနှင့် ပြန်လည်ဆုံတွေ့ရတော့မည် ဖြစ်သည်။

ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Folayang သည် အမေရိကန်နိုင်ငံသား ချန်ပီယံဆုများစွာရယူ ဖူးသော Eddie “The Underground King” Alvarez နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ တွဲဆိုင်းအား ဝိတ်တန်းတစ်ခုအတွင်း အကောင်းဆုံးအားကစားသမားများဆုံတွေ့မှု၊ ကမ္ဘာ့အရှေ့နှင့်အနောက် ထိပ်တိုက်ဆုံ တွေ့မှုအဖြစ်လည်းတင်စားနေကြသည်။

သြဂုတ်လ (၂) ရက်တွင်ပြုလုပ်မည့် ONE: DAWN OF HEROES ၌ ၎င်းတို့နှစ်ဦးဆုံတွေ့မည့် ပွဲစဉ်မတိုင်မီ ဖိလစ်ပိုင်နိုင်ငံ့ဂုဏ်ဆောင် Folayang ၏ အကောင်းဆုံးပွဲစဉ် (၅) ပွဲကို ဖော်ပြလိုက်ပါသည်။

၅။ Folayang Vs Aziz Pahrudinov – ONE: REIGN OF KINGS

ဘာဂွီအိုမြို့သား Folayang သည် နပန်းကျွမ်းကျင်သော ရုရှားကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား Aziz Pahrudinov ၏ ပြင်းထန်အားပါသော နပန်းချုပ်ကွက်မမိစေရန် ၎င်း၏စွမ်းအားများဖြင့် ရှောင်လွှဲနိုင်အောင် ကြိုးစားနိုင်ခဲ့သလို သတ္တိရှိရှိဖြင့် စိတ်ဓာတ်ကြံ့ခိုင်ကြောင်းကိုလည်းပြသနိုင်ခဲ့သည်။

Folayang သည် ဒုတိယအချီတွင် Pahrudinov ၏ အောက်ခြေပိုင်းကို ပြင်းထန်အားပါသော ခြေကန်ချက်များဖြင့်တိုက်ခိုက်နိုင်ခဲ့ပြီး အထူးသဖြင့် ရုရှားနိုင်ငံ့ဂုဏ်ဆောင်အားကစားသမား၏ ဘယ်ဘက်ခြေထောက်ကို ယိုင်နဲ့စေခဲ့သည်။ ၎င်း၏ နောက်ပြန်ကန်ချက်များကလည်း Pahrudinov ကို အထိနာစေခဲ့သလို ပြိုင်ဘက်၏ တိုက်စစ်ဆင်မှုကိုလည်း အကောင်းဆုံးကာကွယ်နိုင်ခဲ့သည်။ အသာစီးမှထိုးသတ်နိုင်ခြင်းကြောင့် ဒိုင်လူကြီး (၃) ဦးစလုံးက Folayang ကို အနိုင်ပေးခဲ့သည်။

၄။ Folayang Vs Pang – ONE: HEROES OF THE WORLD

ဆီးဂိမ်းစ်ဝူရှူးရွှေတံဆိပ် (၃) ဆုရှင် Folayang သည် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မကာအိုတွင် ယှဉ်ပြိုင်ခဲ့သောပြိုင်ပွဲ၌ ဝူရှူးတိုက်ကွက်များဖြင့် အမှတ်ရအောင်စွမ်းဆောင်နိုင်ခဲ့သည်။ (၃) ချီစလုံး မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုဖြင့် အညှာအတာမရှိထိုးသတ်နိုင်ခဲ့သောကြောင့် ဒိုင်လူကြီး (၃) ဦးစလုံးက အနိုင်ပေးခဲ့သည်။

သြစတြေးလျ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား Adrian “The Hunter” Pang သည် ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာအဖွဲ့အစည်းကြီးဖြစ်သော ONE Championshipတွင် ယှဉ်ပြိုင်ရအခက်ဆုံး အားကစားသမားတစ်ယောက်ဖြစ်သလို ရှေ့သို့တက်လှမ်းနိုင်ရန် မဆုတ်မနစ်ကြိုးစားနေသူလည်းဖြစ်သည်။ သို့သော်လည်း Folayang က ပြင်းထန်အားပါသောလက်သီးထိုးချက်များဖြင့် Pang ကိုအနိုင်ယူခဲ့သည်။

၃။ Folayang Vs Ting – ONE: KINGS OF DESTINY

၂၀၁၇ ခုနှစ် ဧပြီ (၂၁) ရက်တွင်ကျင်းပသောပြိုင်ပွဲ၌ Folayang သည် အိမ်ရှင်ဖိလစ်ပိုင် ပရိသတ်များ ရှေ့မှောက်တွင် ကမ္ဘာ့ချန်ပီယံတစ်ယောက်၏ စစ်မှန်သောစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့သည်။ ထိုပြိုင်ပွဲမှာ Folayang အတွက် ပထမဆုံး ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲလည်းဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူ Ev “E.T” Ting ကို (၅) ချီစလုံး ထိန်းချုပ်ထိုးသတ်နိုင်ခဲ့သည်။

စိန်ခေါ်သူ မလေးရှားကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား Ting သည် ဖိလစ်ပိုင်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား၏ ပြင်းထန်အားပါသောခြေကန်ချက်များက ၎င်း၏ဒူးခေါင်းကို ကြိမ်ဖန်များစွာ ထိရှနေမှုကို မတားဆီးနိုင်ခဲ့ပါ။ ၅ ချီပြီးဆုံးသွားချိန်တွင်တော့ အကောင်းဆုံးထိုးသတ်နိုင်ခဲ့သည့် Folayang ကို ဒိုင်လူကြီး (၃) ဦးစလုံးက တညီတညွတ်တည်းအနိုင်ပေးခဲ့သည်။

၂။ Folayang Vs Khan – ONE: CONQUEST OF CHAMPIONS

ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သမိုင်းတစ်လျှောက် ဒိုင်ပွဲရပ် နိုင်ပွဲ အကြိမ်ပေါင်းများစွာရယူထားသော Folayang အတွက် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်ရယူနိုင်ရန် အခွင့်အရေးရခဲ့သောပြိုင်ပွဲဖြစ်သည်။

ပရိသတ်များက Team Lakay အသင်းသား Folayang အနေဖြင့် ပေါ့ပေါ့ပါးပါးဖြင့် အသာစီးမှ ထိုးသတ်နိုင်မည်ဟုယူဆခဲ့သော်လည်း ထိုသို့ဖြစ်မလာခဲ့ပါ။ (၃၄) နှစ်ပြည့်မွေးနေ့ပွဲအပြီး နောက်တစ်ရက်ဖြစ်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၂၃) ရက်တွင် Folayang သည် စင်ကာပူကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမား Amir Khan နှင့် ရင်ဆိုင်တွေ့ခဲ့သည်။

(၅) ချီပြည့်သည်အထိ အရှုံးအနိုင်မပေါ်သော်လည်း စင်ကာပူနိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကို ပြင်းထန်အားပါသောလက်သီးချက်များ၊ ခြေကန်ချက်များ၊ တံတောင်ရိုက်ချက်များဖြင့်အထိနာစေခဲ့သည့် Folayang က ဒိုင်လူကြီး (၃) ဦးစလုံး၏ အနိုင်ပေးမှုနှင့်အတူ အိမ်ရှင်ဖိလစ်ပိုင်ပရိသတ်များကို ပျော်ရွှင်စွာအောင်ပွဲခံနိုင်အောင်စွမ်းဆောင်နိုင်ခဲ့သည်။

၁။ Folayang Vs Aoki I – ONE: DEFENDING HONOR

၂၀၁၆ ခုနှစ် နိုဝင်ဘာ (၁၁) ရက်က စင်ကာပူနိုင်ငံတွင်ကျင်းပသောပြိုင်ပွဲမတိုင်မီ ပရိသတ်အကြိုက် အားကစားသမားဖြစ်သော်လည်း နိုင်ပွဲရယူနိုင်ပြီးနောက်တွင်မူ ဂန္ထဝင်တစ်ဦးဘဝသို့ရောက်ရှိသွားခဲ့သည်။ လက်ရှိချန်ပီယံ ဂျပန်နိုင်ငံ့ဂုဏ်ဆောင် Shinya “Tobikan Judan” Aoki မှာ ချန်ပီယံတစ်ဦးအဖြစ် သောင်းသောင်းဖြဖြကြိုဆိုခံရသလို အားလုံးကလည်း ONE လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ဒိုင်ပွဲရပ် ကာကွယ်နိုင်မည်ဟု ခန့်မှန်းခဲ့ကြသည်။

သို့သော်လည်း Folayang က Aoki ၏ တိုက်စစ်ကိုစောင့်ဆိုင်းကာ ပြည့်စုံကောင်းမွန်သောတိုက်စစ်ဖြင့် ပြန် လည်တိုက်ခိုက်နိုင်မည့်အခွင့်အရေးကို စောင့်စားနေခဲ့သည်။ ၎င်းစောင့်စားနေခဲ့သည့် အကောင်းဆုံးအချိန် ကာလက တတိယအချီအစတွင်ရရှိလာခဲ့သည်။

လက်သီးထိုးရန်ပြေးဝင်လာသော Aoki ကို လှပသည့် ဒူးပျံဖြင့်တိုက်ခိုက်လိုက်ပြီးနောက် လဲကျသွားသောပြိုင် ဘက်ကို ဖိလစ်ပိုင်နိုင်ငံ့ဂုဏ်ဆောင်ကစားသမားက ဒူးတိုက်ချက်၊ လက်သီးတွဲလုံးများဖြင့် တရစပ် ထိုးနှက်နေချိန်တွင်တော့ ကြိုးဝိုင်းဒိုင်လူကြီးက ပွဲရပ်ကာ Folayang ကို အနိုင်ပေးခဲ့သည်။ တတိယအချီ ပွဲအစ (၄၁) စက္ကန့်သာရှိနေပြီး ONE လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလည်း အပြောင်းအလဲဖြစ်သွားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top