အန်တိုနီယာထံမှ ပရိသတ်များ မျှော်လင့်သည့်အရာ ၄ ခု

yyl-011-3.jpg

ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာရှင်များ ပါဝင်ယှဉ်ပြိုင်နေသည့် ONE Championship ပြိုင်ပွဲကြီးတွင် မြန်မာကိုယ်စားပြု ကစားသမား အများအပြား ပါဝင်ယှဉ်ပြိုင်နေကြသဖြင့် မြန်မာပရိသတ်များ အားပေးမှုမြင့်မားသည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။ အဆိုပါ ကစားသမား များထဲတွင် လက်ရှိ ONE နှင့် စာချုပ်ချုပ်ဆိုကာ ယှဉ်ပြိုင်လျက်ရှိသည့် တစ်ဦးတည်းသော အမျိုးသမီး ကစားသမားမှာ ကယန်းလူမျိုး ဘိုဇီနာ “တိုတို” အန်တိုနီယာ ဖြစ်သည်။ ပရိသတ်အချစ်တော် ကစားသမား တစ်ဦးဖြစ်သည့် အန်တိုနီယာကို ၎င်း၏ ပရိသတ်များ မျှော်လင့်ထားသည့် အကောင်းဆုံး အရာများအကြောင်း စုစည်းတင်ပြလိုက်ရပါသည်။

၁။ အလဲထိုး စွမ်းရည်

အန်တိုနီယာသည် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်အတွင်းက ONE Championship ပွဲပေါင်း ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ရာတွင် ၂ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးမှ အင်ဒိုနီးရှားနိုင်ငံသူ Priscilla Hertati Lumban Gaol ကို ၎င်း၏နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရင်း ရှုံးနိမ့်ခဲ့ရသည်။ ယင်းပွဲတွင် အန်တိုနီယာ၏ လက်စွမ်းမှာ ပြိုင်ဘက်ထက် သိသိသာသာ နိမ့်ကျခြင်း မရှိခဲ့ဘဲ သူတပြန် ကိုယ်တပြန် ယှဉ်ပြိုင်နေရင်းက အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲတွင် ပြိုင်ဘက်က အိမ်ရှင် ဖြစ်နေသဖြင့် အမှတ် အားသာချက် ရရှိခဲ့သည်ဟု အန်တိုနီယာက ယူဆနေပြီး လာမည့် ပွဲများတွင် အလဲထိုးနိုင်ရေးကိုသာ ဦးတည်ယှဉ်ပြိုင်မည်ဟု ကြုံးဝါးထားသည်။

၂။ မြေပြင်ချုပ်ကွက်

အန်တိုနီယာသည် အနောက်တိုင်းလက်ဝှေ့ အားကစားတွင် မြန်မာ့ လက်ရွေးစင် အသင်းထဲ ပါဝင်ခဲ့ဖူးသည့် အဆင့်အထိ ကစားခဲ့ဖူးသူ ဖြစ်သဖြင့် မတ်တပ်ရပ် တိုက်ခိုက်မှု စွမ်းရည်တွင် မည်သည့် ပြိုင်ဘက်နှင့်မဆို တန်းတူ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ ၎င်းနောက်ဆုံး အနိုင်ရ ထားသည့် ဗီယက်နမ် ကစားသမား Bi Nguyen ဆိုလျှင် ၎င်းထက် အတွေ့အကြုံ များစွာ မြင့်မားသည့်တိုင် မတ်တပ်ရပ် တိုက်ခိုက်မှုတွင် အန်တိုနီယာကို မယှဉ်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ရသည်။ သို့သော် အန်တိုနီယာ အနေဖြင့် တိုးတက်ရန် လိုအပ်နေ သေးသည့် အပိုင်းမှာ မြေပြင်ချုပ်ကွက် စွမ်းရည် ဖြစ်သည်။

အန်တိုနီယာ ရှုံးနိမ့်ခဲ့သည့် ပွဲများဖြစ်သော ထိုင်းနိုင်ငံသူ Rika Ishige နှင့် အင်ဒိုသူ Lumbam Gaol တို့ ပွဲများတွင် ပြိုင်ဘက်များ၏ အဓိက အားသာချက်မှာ မြေပြင်ချုပ်ကွက် ဖြစ်သည်။ အားကစား သမား ဘဝ တစ်လျှောက် အနောက်တိုင်း လက်ဝှေ့ ကစားသမား အဖြစ်သာ လေ့ကျင့်ခဲ့သူ အန်တိုနီယာသည် ONE Championship သို့ ရောက်မှသာ ဂျူဂျစ်ဆု၊ နပမ်း စသည့် မြေပြင် တိုက်ခိုက်ရေး ပညာများနှင့် ထိတွေ့ခဲ့ရသည်။ အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီကျွန်းရှိ Bali MMA အားကစားရုံတွင် အကောင်းဆုံး နည်းပြ ဆရာများနှင့် လေ့ကျင့်နေသည့် အန်တိုနီယာထံမှ အကောင်းဆုံး မြေပြင်ချုပ်ကွက်များ ထွက်ပေါ်လာစေရန် ပရိသတ်များ မျှော်လင့်နေ ကြသည်။

၃။ လေ့ကျင့်ပြင်ဆင်မှု

၂ဝ၁၈၊ သြဂုတ်လ ကတည်းက Bali MMA နှင့် သွားရောက် ပူးပေါင်းခဲ့ကာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့် အန်တိုနီယာသည် ပြိုင်ပွဲ ကစားပြီး အနားယူချိန်မှ လွဲ၍ ယင်းအားကစားရုံ တွင်သာ တောက်လျှောက် သွားရောက် စခန်းသွင်း လေ့ကျင့်ခဲ့ပြီး အကောင်းဆုံး စွမ်းရည် ရရှိလာစေရန် ကြိုးစားနေသူ ဖြစ်သည်။
One Championship ကစားသမား Andrew Leone နှင့် သူ၏အစ်ကို Anthony Leone တို့ ပူးပေါင်း ဖွင့်လှစ်ထားသည့် Bali MMA သည် အာရှ၏ အကောင်းဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားရုံ တစ်ခုဖြစ်သည်။ ယင်းတွင် ONE အမျိုးသမီး စတောဝိတ်တန်း ချန်ပီယံ Xiong Jing Nan နှင့် ONE Championship မှ နာမည်ကြီး ကစားသမားများ ဖြစ်သော Ev Ting, Gianni Subba, Keanu Subba, Agilan Thani စသူတို့ လေ့ကျင့်လျက် ရှိသည်။ ထို့ကြောင့် အန်တိုနီယာသည် ယင်းအားကစားရုံတွင် အကောင်းဆုံး လေ့ကျင့် ပြင်ဆင်ကာ ၎င်းတို့ကဲ့သို့ နာမည်ကျော် ကစားသမား ဖြစ်လာစေရန် ပရိသတ်များက မျှော်လင့်နေသည်။

၄။ စိတ်ဓာတ်ခွန်အား

အန်တိုနီယာသည် ကစားခဲ့သည့် ပွဲတိုင်းတွင် ၎င်း၏ မဆုတ်မနစ် ထက်သန်သော အနိုင်ရလိုသည့် စိတ်ဓာတ်ကို ပြသကာ အကောင်းဆုံး ယှဉ်ပြိုင်တတ်သူ ဖြစ်သည်။ ၎င်းထက် အဘက်ဘက်က သာလွန်နေသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရလျှင်ပင် ကြိုးဝိုင်းထဲတွင် လုံးဝ နောက်မတွန့်ဘဲ အပြန်အလှန် ရင်ဆိုင်ထိုးသတ် ခဲ့သည်ကို တွေ့ရသည်။ အနိုင်ရလိုစိတ် အပြည့်ဖြင့် ပွဲစပွဲဆုံး အချိန်ပြည့် အာရုံစူးစိုက် ကစားနိုင်ခဲ့မှုကြောင့် Bi Nguyen နှင့် Audreylaura Boniface တို့ကဲ့သို့ ကစားသမားများကို အနိုင်ရခဲ့ ခြင်းလည်း ဖြစ်သည်။

နောက်ဆုံး ကစားခဲ့သည့် ပွဲ ၂ ပွဲတွင် အန်တိုနီယာသည် ၎င်းထက် လူကောင် ပိုကြီးသည့် ကစားသမားများနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပြီး နှစ်ပွဲစလုံးကို ပွဲချိန် ၃ ချီပြည့် သည်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။ Lumbam Gaol နှင့် ပွဲတွင် အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်တိုင် ၎င်း၏ အနိုင်ရလိုစိတ်က ပွဲချိန် ၁၅ မိနစ်လုံးလုံး အနည်းငယ်မျှပင် လျှော့ကျမသွား ခဲ့ဘဲ အိမ်ရှင် ကစားသမားကို ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ စိတ်ဓာတ်ခွန်အား မျိုးဖြင့် လာမည့်ပွဲများတွင် အကောင်းဆုံး ယှဉ်ပြိုင်ကာ နိုင်ပွဲများ ရယူနိုင်စေရန် ပရိသတ်များက မျှော်လင့်နေကြသည်။
ONE: Warrior’s Code ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြန်မာစံတော်ချိန် ၅ နာရီ အချိန်တွင် ONE Championship ၏ Facebook၊ Youtube ၊ ONE Super Apps၊ MNTV နှင့် Skynet Sports 3 တို့တွင် တိုက်ရိုက်ကြည့်ရှုနိုင္ပါသည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top