သင့်စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ဝေဖန်ပြောဆိုမှုတွေ လုပ်နေလား

yyl-023-8.jpg

ကျွန်တော်တို့စိတ်ထဲကနေ ကိုယ့်ကိုယ်ကို စကားပြောတဲ့အလေ့အထမျိုး ကျွန်တော်တို့အားလုံးမှာရှိကြပါတယ်။အကြိမ်အရေအတွက်များများကို ကိုယ့်ကိုယ်ကို စိတ်ထဲကနေ ပြောမိနေကြတာပါ။ ကိုယ့်ကိုယ်ကို ပြောတဲ့အရေအတွက် အများကြီးထဲမှာမှ အကောင်းပြောတာထက် အဆိုးပြောတာက များပါတယ်။ “ငါ ဒီဝတ်စုံနဲ့ အရမ်းရုပ်ဆိုးတာပဲ”၊ “ငါ တော်တော်တုံးတာပဲ” အစရှိသဖြင့် ကိုယ့်ကိုယ်ကို စိတ်ထဲကနေ ဝေဖန်ပြောဆိုမိတတ်ကြပါတယ်။

သင်ရော ဘယ်နှစ်ကြိမ်လောက် ကိုယ့်ကိုယ်ကို ဝေဖန်ပြောဆိုမိနေလဲ။ အလုပ်တစ်ခုလျှောက်ရင်တောင် ငါက ဒီအလုပ်နဲ့ လိုက်ရဲ့လား၊ အရည်အချင်းရောရှိရဲ့လားဆိုပြီး စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ဝေဖန်နေမိပြီလား။ အဲဒီလိုအခြေအနေမျိုးတွေ ဖြစ်နေရင်တော့ သင့်က ကိုယ့်ကိုယ်ကို မကောင်းဘက်ကနေ ဝေဖန်ပြောဆိုနေတာအရမ်းများနေပါပြီ။ စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ဝေဖန်ပြောဆိုနေတာက သင့်အတွက် မကောင်းနိုင်ပါဘူး။

ဒီမကောင်းတဲ့ဝေဖန်ပြောဆိုမှုတွေက သင့်ကို ချုပ်တည်းထားသလိုဖြစ်စေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေက ကိုယ့်ကိုယ်ကို ပိုပြီး နိမ့်ချပြောဆိုကြပါတယ်။ အမျိုးသားတွေက သူတို့ရဲ့စွမ်းဆောင်ရည်ကို ပိုတော်တတ်တဲ့အဆင့်ထိတောင် ကိုယ့်ကိုယ်ကို အရမ်းကြင်နာတတ်ကြတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

အမျိုးသမီးတွေ ဘာလုပ်ကြမလဲ

အကောင်းဆုံးသူငယ်ချင်းအဖြစ် ကိုယ့်ကိုယ်ကို သဘောထားပါ

သင့်သူငယ်ချင်းကို ဒီဝတ်စုံနဲ့ မလိုက်ဘူးလို့ သင်ပြောဖူးလား။ သင်က သင့်သူငယ်ချင်းဆိုရင် တစ်ခုခုနဲ့ မလိုက်ရင်တောင် မကောင်းဘူးလို့ ပြောကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်း သူငယ်ချင်းတစ်ယောက်လို သဘောထားပြီး မကောင်းတဲ့ စကားတွေမပြောမိပါစေနဲ့။ ကိုယ့်ကိုယ်ကို ဝေဖန်ပြောဆိုမိနေတယ်လို့ သတိထားမိလိုက်တာနဲ့ ဆက်ပြီးမဝေဖန်မိအောင် ရပ်ပစ်လိုက်ပြီး ကောင်းတဲ့အရာကို တွေးပြီး ကိုယ့်ကိုယ်ကို ပြောပေးပါ။ ကိုယ့်ကိုယ်ကို ပြောမယ့်စကားတွေကို ပိုပြီးသတိထားသင့်ပါတယ်။ ဒါမှ ကိုယ့်ကိုယ်ကို မကောင်းပြောတာတွေ ရပ်တန့်ပစ်ဖို့ လွယ်ကူသွားပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီးပြောတာတွေကို ရပ်တန့်လိုက်ပါ။

တချို့အမျိုးသမီးတွေဆိုရင် အခြားသူတွေကို ကြည့်ပြီး အားကျတာတွေရှိပါတယ်။ အဲဒီလိုအားကျပြီး ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်ပြောဆိုမိကြပါတယ်။ “ငါလည်း သူ့လိုဖြစ်ချင်လိုက်တာ၊ ငါက ဘာမှလည်း အသုံးမကျဘူး” လို့ အခြားသူတွေနဲ့နှိုင်းပြီး ကိုယ့်ကိုယ်ကို နိမ့်ချပြောဆိုတာတွေ ရပ်ပစ်သင့်ပါတယ်။ လက်ရှိဘဝထက် ပိုကောင်းတဲ့ မဖြစ်သေးတဲ့အရာတွေကို တွေးတောပြီး ကိုယ်ကိုယ့်ကို ဝေဖန်ပြောဆိုမနေဘဲနဲ့ ကိုယ့်ကိုယ် ချစ်ပြီး ကိုယ့်ကိုယ်ကို ကောင်းအောင် ကြိုးစားသင့်ပါတယ်။

Ref: Do you keep criticizing yourself in your head? Here’s why you need to STOP

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top