တန်ဖိုးရှိလှတဲ့ ချွေးစက်၊ သွေးစက်တွေကို အလဟဿ မဖြစ်စေလို

yyl-027-8.jpg

“ကျွန်တော်တို့တွေ ပစ်ခဲ့ကြတာ မဟုတ်ပေမဲ့ ကျွန်တော်တို့တွေ ဝိုင်းရှင်းခဲ့ကြတာ’’တဲ့။ ဖေဖော်ဝါရီလ ၁၆ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်း၊ သိမ်ဖြူစျေး အရှေ့ဘက်မြောင်းထဲမှာ စည်းကမ်းမဲ့ စွန့်ပစ်ထားတဲ့အမှိုက်တွေကို Clean Yangon အဖွဲ့က တစ်စမကျန် ပြောင်စင်နေအောင် ရှင်းလင်းပေးခဲ့ကြပါတယ်။ Clean Yangon အဖွဲ့ရဲ့ စွမ်းဆောင်မှုက တကယ့်ကိုချီးကျူးစရာ ကောင်းလှပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဆွတ်ခူးခဲ့တာပေါ့။

ဒါပေမဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်း၊ သိမ်ဖြူစျေး အရှေ့ဘက်မြောင်းကို ရှင်းလင်းတာ ပထမအကြိမ်မဟုတ်ဘဲ ဒုတိယအကြိမ်ဖြစ်နေတယ်ဆိုတာတော့ ဘဝမကျစရာပါပဲ။ Clean Yangon အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဒီမြောင်းကို ပြောင်စင်နေအောင် ရှင်းပေးခဲ့ဖူးပါတယ်။ အဲဒီလို ရှင်းပေးခဲ့ပေမဲ့ အမှိုက်တွေ ပြန်ပြည့်လာတာကတော့ စိတ်မကောင်းစရာပါပဲ။

“ကျွန်တော်တို့တွေ လွယ်လွယ်ကူကူ ရှင်းနိုင်ခဲ့တာတော့ မဟုတ်ပါဘူး’’တဲ့။ ဗိုလ်မင်းရောင်လမ်း မြောင်းကြီးထဲက အမှိုက်တွေက ရှင်းပြီးတော့ Clean Yangon လူမှုကွန်ရက်မှာ ဒီစာသား ရေးသားထားပြီး ထိခိုက်ဒဏ်ရာရတဲ့ပုံတွေ ဖော်ပြထားပါတယ်။ အမှိုက်တွေ ပြည့်နေတဲ့ မြောင်းကြီးကို ပြောင်စင်နေအောင် ရှင်းရတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ ဒီလူတွေက ရန်ကုန်မြို့ကြီးကို သန့်ရှင်းစေချင်လွန်းလို့၊ စိမ်းလန်းစေချင်လွန်းလို့ မြောင်းပုပ်နံံ့ နံဆော်နေတဲ့ ရေမြောင်းကြီးထဲ မရွံ့မရှာဆင်းပြီး အပင်ပန်း၊ အဆင်းရဲခံ လုပ်ပေးခဲ့ကြတာပါ။ သူတို့ပစ်ထားတာ မဟုတ်တဲ့ အမှိုက်တွေကို ရှင်းလင်းဖယ်ရှားရင်း ပွန်းပဲ့ဒဏ်ရာရတာတွေ၊ ခြစ်မိတာ၊ ရှမိတာတွေ ဖြစ်ခဲ့ကြပါတယ်။

သူတို့တွေက ဒီလောက် ပင်ပန်းဆင်းရဲခံပြီး မြို့တော်အကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနေချိန်မှာ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးရမှာပါ။ လူတစ်ဦးတစ်ယောက်ချင်းစီက “ငါတို့တွေ စည်းကမ်းမဲ့အမှိုက်မပစ်ဘူး’’ဆိုတဲ့ ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင်ပေးသင့်ပါတယ်။ ဒီလိုအခြေအနေမှာ “စည်းကမ်းမဲ့အမှိုက်ပစ်သူတွေကို ဘယ်လိုပြစ်ဒဏ်ပေးမလဲ’’ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိပါတယ်။ ပြစ်ဒဏ်ပေးတဲ့ စည်းမျဉ်းမျိုးလည်း ရှိသင့်ပါတယ်။ အဲဒီစည်းမျဉ်းကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ပါတယ်။ ဒါပေမဲ့ အဲဒါက ရေတိုဖြေရှင်းနည်းပါ။ နိုင်ငံသားအားလုံး၊ မြို့သူ၊ မြို့သားအားလုံးရဲ့ ရင်ထဲမှာ “ငါတို့ စည်းကမ်းမဲ့အမှိုက်မပစ်ရဘူး’’ဆိုတဲ့ အသိ စွဲစွဲမြဲမြဲရှိနေသင့်တာက ထာဝရအဖြေပါပဲ။

ပြစ်ဒဏ်ကို ကြောက်လို့မလုပ်သူတွေက လူလစ်ရင် လစ်သလို လုပ်ဦးမှာပါ။ ငါတို့ပစ်လိုက်တဲ့ အမှိုက်တစ်စက ငါတို့တစ်မြို့လုံးကို ညစ်ညမ်းစေတယ်၊ သိက္ခာကျစေတယ်ဆိုတဲ့ အတွေးမျိုးကို စွဲမြဲအောင် မှတ်သားထားရင်တောင် လူလစ်လစ်၊ မလစ်လစ် အမှိုက်ပစ်တော့မှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ ရေတိုဖြေရှင်းနည်းဖြစ်တဲ့ ပြစ်ဒဏ်စည်းမျဉ်း ထုတ်ပြန်တာမျိုး လုပ်ဖို့ လိုအပ်သလို ထာဝရအဖြေကိုလည်း တစ်စထက်တစ်စ ပုံဖော်သွားရမှာပါ။ ဒီလိုမှမဟုတ်ဘဲ ကိုယ်နဲ့မဆိုင်သလိုနေမယ်၊ စည်းကမ်းမဲ့အမှိုက်တွေ ပစ်နေဦးမယ်ဆိုရင်တော့ တန်ဖိုးရှိလှတဲ့ ချွေးစက်၊ သွေးစက်တွေကို အလဟဿလုပ်ပစ်ရာရောက်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top