လိင်တူချစ်ခြင်းကိုကြောက်ရွံ့တဲ့စိတ်ရောဂါ သို့မဟုတ် Homophobia

DdbkzAhVMAEMvuB.jpg

(၂၁) ရာစုမှာ လိင်တူချစ်တယ်၊ လိင်တူ လိင်ကွဲ (၂) မျိုးလုံးကိုချစ်တယ် ဆိုတာတွေက သိပ်ပြီးထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ အဲဒီလိုလူတွေကို အကြောင်းရင်းမရှိဘဲမုန်းတီးနေတဲ့ လူတန်းစားတစ်ရပ်ဟာလည်း ယခုအချိန်ထိကိုတည်ရှိနေတုန်းပါပဲ။ သဘာဝကိုဖီဆန်တယ်လို့ဆိုကြပေမဲ့ လိင်တူချစ်တယ်ဆိုတာဟာ စိတ်ရောဂါတစ်ခုမဟုတ်သလို သဘာဝဆိုတာလည်း လိင်ကွဲမှချစ်ခင်ရတယ်လို့ သတ်မှတ်ထားတာမျိုးလုံးဝမရှိပါဘူး။ ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ LGBT တွေအပေါ်မှာ ထားရှိတဲ့ လူတချို့ရဲ့ ကြောက်ရွံ့မှုစိတ်ဝေဒနာအကြောင်းပဲ ဖြစ်ပါတယ်။

ဖိုးဘီးယား (Phobia) ဆိုတာ အရာဝတ္ထုတစ်ခု၊ အခြေအနေတစ်ခုကို သာမန်ထက်ပိုပြီးကြောက်ရွံ့ခြင်း၊ ရွံရှာခြင်း၊ မနှစ်မြို့ခြင်းကို ပြောတာဖြစ်ပါတယ်

LGBT နဲ့ပတ်သက်ပြီး ဖိုးဘီးယားဘယ်နှစ်မျိုးရှိလဲ

ဖိုးဘီးယား (Phobia) ဆိုတာ အရာဝတ္ထုတစ်ခု၊ အခြေအနေတစ်ခုကို သာမန်ထက်ပိုပြီးကြောက်ရွံ့ခြင်း၊ ရွံရှာခြင်း၊ မနှစ်မြို့ခြင်းကို ပြောတာဖြစ်ပါတယ်။ ရာနဲ့ချီနေတဲ့ ဖိုးဘီးယားစိတ်ဝေဒနာတွေထဲမှာမှ LGBT နဲ့ ပတ်သက်ပြီး အတွေ့များတဲ့ဖိုးဘီးယား (၃) မျိုးကတော့

၁။ လိင်တူချစ်ခြင်းကို မနှစ်သက်ခြင်း (Homophobia)

၂။ လိင်တူ၊ လိင်ကွဲချစ်ခြင်းကို မနှစ်သက်ခြင်း (Biphobia)

၃။ လိင်ခွဲစိတ်ပြောင်းလဲထားသူတွေကို မနှစ်သက်ခြင်း (Transphobia) တို့ပဲဖြစ်ပါတယ်။

လိင်တူချစ်ခြင်းကို မနှစ်သက်ခြင်း (Homophobia)

အမျိုးသားချင်း သို့မဟုတ် အမျိုးသမီးချင်း ချစ်ခင်နှစ်သက်သောသူတွေကို အကြောင်းရင်းမရှိဘဲမုန်းတီးခြင်း၊ ရွံရှာခြင်း၊ အပြစ်မြင်ခြင်း၊ မယုံကြည်ခြင်းဖြစ်ပါတယ်။ ဒီဖိုးဘီးယားဟာ ကမ္ဘာနဲ့အဝှမ်းမှာ လက်ရှိအချိန်အထိကိုရှိနေသေးတဲ့စိတ်ဝေဒနာတစ်မျိုးပါ။ Homophobia ရှိသူတွေဟာ မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်၊ လွဲမှားတဲ့ဘာသာရေးအယူဝါဒတွေကိုလက်ကိုင်ထားပြီး လိင်တူချစ်ခြင်းကို စိတ်ရောဂါ သို့မဟုတ် ကုသလို့ရတဲ့အခြေအနေအဖြစ် မြင်တတ်ကြပါတယ်။

လိင်တူချစ်သူတွေကို လှောင်ပြောင်သရော်တာ၊ မသိစိတ်ကနေရော သိစိတ်ကနေရော ရွံရှာမုန်းတီးတာ၊ လိင်စိတ်ခံယူမှုပေါ်အကြောင်းပြုပြီး ခွဲခြားဆက်ဆံတာ၊ သဘာဝ၊ ဘာသာရေးကိုခုတုံးလုပ်ပြီး ဖိနှိပ်ဆက်ဆံတာ၊ စော်ကားတာ၊ အနိုင်ကျင့်တာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ လူတစ်ဘက်သားကို အရှက်ရအောင်ပြုမူပြောဆိုတာ၊ နားမခံသာစရာစကားလုံးတွေ၊ နာမ်စားတွေ၊ အသုံးအနှုန်းတွေနဲ့ ခေါ်တာတွေဟာ ဒီ Homophobia စိတ်ဝေဒနာရှိသူတွေမှာ အတွေ့များတဲ့လက္ခဏာပါပဲ။

လိင်တူချစ်တယ်ဆိုတာဟာ စိတ်ရောဂါတစ်ခုမဟုတ်သလို သဘာဝဆိုတာလည်း လိင်ကွဲမှချစ်ခင်ရတယ်လို့ သတ်မှတ်ထားတာမျိုးလုံးဝမရှိပါဘူး

Homophobia စိတ်ဝေဒနာက ဘယ်သူတွေမှာအဖြစ်များလဲ

ကိုယ်ယုံကြည်နေတဲ့ လွဲမှားတဲ့အရာကို ဘာသာရေးနဲ့ခုတုံးလုပ်တတ်တဲ့သူတွေ၊ တင်းကြပ်လွန်းတဲ့မိသားစု၊ ပွင့်လင်းမှုမရှိတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာသူတွေ၊ အတွေးအခေါ်တစ်ဘက်စွန်းရောက်သူတွေ၊ မကောင်းမြင်ဝါဒီကြီးစိုးတဲ့သူတွေ၊ ဖြစ်တည်မှုတစ်ခုကိုလက်သင့်မခံဘဲ ကိုယ်သာလျှင်မှန်တယ်လို့ အတွေးဝင်နေသူတွေ၊ လိင်ကွဲကိုသာချစ်ခင်နှစ်သက်သူတွေမှာ ဒီစိတ်ဝေဒနာအဖြစ်များပါတယ်။

၁။ အံ့သြဖို့ကောင်းတာတစ်ခုက ကိုယ့်ရဲ့မသိစိတ်ထဲမှာရှိနေတဲ့ လိင်တူချင်းချစ်ခင်စိတ်ကို ဖုံးကွယ်ထားသူတွေ (အရပ်ခေါ် အပုန်း) ကိုယ်တိုင်မှာလည်း Homophobia ရှိနေတတ်ပါတယ်။ သူတို့ဟာ ပွင့်လင်းစွာနေထိုင်တဲ့ လိင်တူချစ်သူတွေကိုမုန်းတီးတတ်တဲ့အပြင် ကိုယ့်စိတ်အခံမှာဖြစ်တည်နေတဲ့စိတ်ကိုလည်း ဘယ်သူမှမသိစေဖို့ ဖုံးကွယ်ချင်တာ၊ မိမိကိုယ်ကိုယ်ရော၊ မိမိလိုဖြစ်နေသူတွေကိုပါ မုန်းတီးတဲ့စိတ်ရှိပါတယ်။ ဒါကို စိတ်ပညာအရ မသိစိတ်ထဲမှာရှိနေတဲ့ မိမိရဲ့လိင်စိတ်ခံယူမှုကိုဖုံးကွယ်ခြင်း (Internalized Homophobia ) လို့ ခေါ်ပါတယ်။

၂။ ဖော်ကောင်လုပ်ခြင်း (outing) ဆိုတာကတော့ မိမိရဲ့ လိင်တူချစ်သူတွေအပေါ် မုန်းတီးတဲ့စိတ်ကို ပွင့်လင်းစွာ ဖော်ထုတ်ပြသပြီး ကိုယ့်အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ လိင်တူချစ်သူတွေရဲ့ ဘဝဇာတ်ကြောင်းကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်မပါဘဲဖော်ထုတ်ခြင်းပဲဖြစ်ပါတယ်။ တခြားသူတစ်ယောက်ရဲ့ဘဝကို ရည်ရွယ်ချက်ရှိရှိနဲ့ အရှက်ရအောင်၊ စိတ်ဆိုးဒေါသထွက်အောင်၊ လူပုံအလယ်မှာမျက်နှာငယ်ရအောင် မကောင်းမြင်စိတ်နဲ့ စော်ကားတဲ့အပြုအမူတွေကိုလည်း ပြုလုပ်တတ်ပါတယ်။

လိင်တူချစ်သူတွေကို လှောင်ပြောင်သရော်တာ၊ မသိစိတ်ကနေရော သိစိတ်ကနေရော ရွံရှာမုန်းတီးတာ တွေဟာ Homophobia စိတ်ဝေဒနာရှိသူတွေမှာ အတွေ့များတဲ့လက္ခဏာပါပဲ

မိမိရဲ့လိင်စိတ်ခံယူမှုကြောင့် ပတ်ဝန်းကျင်ရဲ့အနိုင်ကျင့်စော်ကားမှုတွေခံနေရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာ၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေဖြစ်တာ၊ ဘယ်သူ့အပေါ်မှ ယုံကြည်လို့မရနိုင်တော့တာတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်

၁။ ကိုယ့်လိုပဲ LGBT အဖွဲ့ဝင်တွေကို အကူအညီတောင်းပါ။ တိုင်ပင်ပါ။

၂။ လိုအပ်လာရင် မိသားစု၊ သူငယ်ချင်းတွေကို ဖွင့်ပြောပြပါ။

၃။ ကိုယ့်ကို အနိုင်ကျင့်စော်ကားဖို့ကြိုးစားသူတွေနဲ့ ဝေးရာမှာနေပါ။

၄။ ကိုယ့်ရဲ့ဖြစ်တည်မှုဟာ ရှက်ရွံ့စရာမဟုတ်တဲ့အတွက် ဘယ်သူ့ကိုမှ ကြောက်နေဖို့မလိုအပ်ပါဘူး။

၅။ စိတ်ကို ကြံ့ခိုင်အောင်ထားပါ။

၆။ ဘယ်နေရာမှာမဆို ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူတွေရော၊ ကဲ့ရဲ့ရှုံ့ချမယ့်သူတွေရော ရှိနေနိုင်တယ်ဆိုတာကို သိထားပေးပါ။

၇။ ကိုယ်ထိလက်ရောက် အကြမ်းဖက်စော်ကားမှုတွေရှိလာရင် လူသားချင်းစာနာထောက်ထားမှုအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာကိုအကြောင်းကြားပါ။ တရားဥပဒေနဲ့ ဖြေရှင်းပါ။

၈။ တစ်ယောက်တည်းမျိုသိပ်ထားတဲ့အခါ ပြဿနာကပြေလည်သွားတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့စိတ်မှာပဲ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်လာမှာပါ။

၉။ နောက်ဆုံး ပတ်ဝန်းကျင်ရဲ့စော်ကားမှုဒဏ်တွေကြောင့် စိတ်ဓာတ်ကျတာ၊ သေကြောင်းကြံစည်ချင်စိတ် ဖြစ်လာတဲ့အထိ ဝေဒနာခံစားနေရပြီဆိုရင် စိတ်ရောဂါကုထုံးပညာရှင် သို့မဟုတ် မိသားစုဝင်တွေကိုဖွင့်ပြောပြဖို့ လိုအပ်လာပါပြီ။

ပြောရမယ်ဆိုရင် လိင်တူချင်းချစ်ခင်နှစ်သက်ခြင်းဆိုတာ စိတ်ရောဂါတစ်ခုမဟုတ်သလို ကုသလို့ရတဲ့ ပြဿနာမျိုးလည်းမဟုတ်ပါဘူး။ မွေးကတည်းကပါလာတဲ့ လူတစ်ယောက်ရဲ့လိင်စိတ်ခံယူမှုကို ဘယ်အရာကမှ ပြောင်းလဲအောင်လုပ်လို့မရပါဘူး။ ကိုယ့်ရဲ့ တစ်ဘက်သတ်မုန်းတီးတဲ့စိတ်ကြောင့် တစ်ပါးသူရဲ့ ဘဝ ထိခိုက်နစ်နာခြင်းမရှိစေဖို့ လူတွေထဲက လူပီသတဲ့စိတ်နှလုံးနဲ့ နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Ref: Hello ဆရာဝန်
ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top