ကမ္ဘာပေါ်မှာ ဘယ်ငှက်မျိုးနွယ်က အသေးဆုံးလဲ

69749117_2429786263945781_4025876917616902144_n.jpg

ငွေအကြွေစေ့ရဲ့အလေးချိန်လောက်တောင်မရှိတဲ့ငှက်မျိုးကို စာဖတ်သူ တွေ့ဖူးပါသလား။ အဲဒီငှက်တွေက ကမ္ဘာပေါ်မှာ အသေးငယ်ဆုံးငှက်မျိုးနွယ်လို့ဆိုနိုင်ပြီး အကြီးဆုံးဆိုတဲ့မျိုးစိတ်ရဲ့အလေးချိန်ကတောင် တစ်အောင်စမရှိတဲ့အထိ သေးငယ်တာပါ။ ဒီလိုမျိုး အသေးငယ်ဆုံးလို့ဆိုရလောက်တဲ့အထိ အရွယ်အစားသေးလွန်းတဲ့ငှက်ကိုတော့ ငှက်ပိတုန်း (Hummingbird) လို့ခေါ်ပါတယ်။

ကမ္ဘာပေါ်မှာ ငှက်ပိတုန်းမျိုးစိတ်ပေါင်း (၃၀၀) ကျော်ရှိပြီး အားလုံးက ပေါ့ပါးတဲ့ခန္ဓာကိုယ်အလေးချိန်ရှိကြပါတယ်။ အဲဒီလိုပေါ့ပါးလှတဲ့ကိုယ်အလေးချိန်က အောက်ကိုထိုးစိုက်ဆင်းတဲ့အခါမှာ အားစိုက်ဖို့မလိုစေတဲ့အပြင် ပျံသန်းရာမှာလည်း ပိုလွယ်ကူအောင်ကူညီပေးနိုင်ပါတယ်။ ငှက်ပိတုန်းတစ်ကောင်ရဲ့ကိုယ်အလေးချိန်က အနည်းဆုံး (၂.၄) ဂရမ် နဲ့ အများဆုံး (၄.၅) ဂရမ်လောက် သာရှိတတ်ပြီး ပျှမ်းမျှပြောရရင် (၄) ဂရမ်ဝန်းကျင် (ဝ.၁၄၁) အောင်စပဲရှိတာပါ။ အမေရိကန်မှာသုံးတဲ့ ငွေအကြွေစေ့က (၂.၅) ဂရမ်လေးပြီး ငွေစက္ကူက (၅) ဂရမ်အလေးချိန်ရှိတာကြောင့် ငှက်ပိတုန်းတွေက ငွေအကြွေစေ့နဲ့ ငွေစက္ကူလောက်တောင် မလေးပါဘူး။ ငှက်ပိတုန်းတစ်ကောင်ရဲ့ကိုယ်အလေးချိန်သုံးပုံတစ်ပုံနီးပါးက ကြွက်သားတွေရဲ့အလေးချိန်ပါ။

ကျက်စားရာဒေသတစ်ခုကနေတစ်ခုဆီပြောင်းရွှေ့ခါနီးအချိန်မှာ ငှက်ပိတုန်းတွေက လမ်းခရီးတစ်လျှောက်ခွန်အားပြည့်နေအောင် အစာကိုများများစားတတ်ပြီး အရွယ်အစားကလည်း ပိုကြီးလာတတ်ပါတယ်။ တစ်ခါတလေ မူလကိုယ်အလေးချိန်ရဲ့ (၂) ဆလောက်ထိတောင်ရှိလာတတ်ကြပါတယ်။ ဒါကြောင့် (၄) ဂရမ်ရှိတဲ့ ငှက်ပိတုန်းတစ်ကောင်ဟာ ရွေ့ပြောင်းမယ့်ခရီးစဉ်အစမှာ ကိုယ်အလေးချိန် (၈) ဂရမ်လောက်ရှိနေပါပြီ။

ငှက်ပိတုန်းအမတွေဟာ အဖိုတွေထက် အရွယ်ပိုကြီးတဲ့အပြင် ကိုယ်အလေးချိန်လည်း ပိုများပါတယ်။ လည်ပင်းနီငှက်ပိတုန်းအဖိုတစ်ကောင်ရဲ့ပျှမ်းမျှကိုယ်အလေးချိန်က (၂.၄) ဂရမ်နဲ့ (၃.၆) ဂရမ်ကြားဖြစ်ပေမဲ့ အမရဲ့အလေးချိန်ကတော့ (၂.၈) ဂရမ်ကနေ (၄.၅) ဂရမ်လောက်ရှိနေတတ်ပါတယ်။ ဥ ဥတာ၊ သားပေါက်လေးတွေကို နွေးထွေးအောင်ဝပ်ပေးတာ၊ အစာကိုမျှဝေစားရတာတွေကိုလုပ်ရမှာဖြစ်လို့ ငှက်ပိတုန်းအမတွေက သဘာဝအရကို အရွယ်အစားပိုကြီးနေဖို့လိုပါတယ်။

ငှက်ပိတုန်းတွေဟာ သူတို့ရဲ့စွမ်းအင်ကိုလည်း အများအပြားသုံးဖို့လိုအပ်ကြပါတယ်။ ဒီလိုအသုံးချရတဲ့အကြောင်းရင်းကတော့ ပျံသန်းနေချိန်မှာ တစ်စက္ကန့်ကို (၇၅) ကြိမ်ကျော်ရှိနေတဲ့ သူတို့ရဲ့တောင်ပံခတ်နှုန်းပါပဲ။ ကိုယ်အလေးချိန်ကိုထိန်းထားနိုင်ဖို့ ခန္ဓာကိုယ်အလေးချိန်ရဲ့တစ်ဝက်စာ အစာပမာဏကို နေ့စဉ်စားဖို့လည်းလိုပါတယ်။ ဒါဟာ လူသားတွေအနေနဲ့ကြည့်မယ်ဆိုရင် ကယ်လိုရီ (၁၅၅၀၀၀) ကိုစားသုံးတာနဲ့အတူတူပါပဲ။

ငှက်ပိတုန်းတွေထဲမှာအသေးဆုံးမျိုးစိတ်က ခန္ဓာကိုယ်အလေးချိန် (၂) ဂရမ်ပဲရှိတဲ့ Bee ငှက်ပိတုန်းဖြစ်ပြီး ဦးခေါင်းထိပ်ကနေ အမြီးထိအလျားက (၂) လက်မပဲရှိပါတယ်။ Giant Hummingbird ငှက်ပိတုန်းမျိုးစိတ်ကတော့ အရွယ်အစားအရသိသိသာသာပိုကြီးမားပါတယ်။ ခန္ဓာကိုယ်အလေးချိန်က (၂၀) ဂရမ်ထိရှိတဲ့အတွက် ပျံလွှားငှက်နီးနီးလောက် ကြီးမားတဲ့မျိုးစိတ်လည်းဖြစ်ပါတယ်။

Ref: Animal.mom.me “WEIGHT OF A HUMMINGBIRD”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top