မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းကောင်းများစုဝေးရာ facebook စာမျက်နှာ

index.jpg

“Facebook ပဲ သုံးနေရင် ဘဝအတွက်ဘယ်အကျိုးရှိမလဲ“ ဆိုတဲ့ စကားမျိုးကို ကျွန်တော်တို့ ကြိမ်ဖန်များစွာ ကြားဖူးကြပါလိမ့်မယ်။ တကယ်တော့ facebook မှာ အဆိုးတွေ၊ အကျိုးမဲ့ အချိန်ကုန်စရာတွေအပြင် ကိုယ့်အတွက်ယူနိုင်ရင် ယူနိုင်သလောက် အကျိုးရှိတဲ့စာမျက်နှာတွေ၊ group တွေလည်း ရှိပါတယ်။

ဒီနေ့မှာတော့ မြန်မာလူငယ်တွေအတွက် ပညာရေး၊ အလုပ်အကိုင်ဆိုင်ရာအခွင့်အလမ်းတွေနဲ့ ဘဝတက်လမ်းအတွက် အထောက်အကူဖြစ်စေမယ့်အကြောင်းအရာတွေကို ဖော်ပြပေးနေတဲ့ facebook စာမျက်နှာလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

အဲဒီ facebook စာမျက်နှာလေးရဲ့ နာမည်က “Myanmar Youth Empowerment Opportunities” ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လိပ်စာ link ကတော့ https://www.facebook.com/myeo.hub/ မှာပါ။ ဒီ စာမျက်နှာဆိုရင် လူငယ်တွေအတွက် ပညာတော်သင် အခွင့်အလမ်းတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲ၊ ဗဟုသုတဖလှယ်ပွဲတွေ၊ အလုပ်သင်အခွင့်အရေးတွေ၊ အသက်မွေးဝမ်းကျောင်းအတွက် စေတနာဖြစ် သင်ကြားပေးနေတဲ့ သင်တန်းကျောင်းတွေအကြောင်းနဲ့ အခြားအခွင့်အရေးကောင်းတွေအကြောင်းကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးလျက် ရှိနေပါတယ်။ Facebook Page မှာသာမက MYEO ရဲ့ website ဖြစ်တဲ့ www.myeo.info မှာပါ တင်ဆက်ပေးလျက် ရှိပါတယ်။

MYEO ကို ၂၀၁၃ ခုနှစ်က စတင် မိတ်ဆက်ပေးခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ လူငယ်စေတနာ့ဝန်ထမ်းတွေရဲ့ အင်အားနဲ့ပဲ ပုံမှန်တင်ဆက်နေတာ ဖြစ်ပါတယ်။ MYEO ကို စတင်တည်ထောင်သူဖြစ်တဲ့ မထက်သီရိရွှေကတော့ MYEO facebook နဲ့ website စတင် တည်ထောင်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။ “ညီမ ကျောင်းတက်နေတဲ့ အချိန်တုန်းက scholarship တွေ၊ တခြားအခွင့်အလမ်းတွေဆိုတာ ကိုယ်တွေနဲ့ အလှမ်းကွာဝေးလွန်းသလို ထင်ခဲ့မိတယ်။ နောက်တော့မှသာ ဒီလိုမဟုတ်မှန်း သိလာခဲ့ရတာပါ။ ပြီးတော့ မြန်မာနိုင်ငံမှာက ဒီလိုအခွင့်အရေးတွေ၊ ဒီသတင်းအချက်အလက်တွေအကြောင်းကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးထားတာမျိုးမရှိသေးပါဘူး။ ဒါကြောင့် တခြား လူငယ်တွေအတွက် ပြည့်ပြည့်စုံစုံနဲ့တင်ဆက်ပေးနိုင်အောင်၊ အချိန်နဲ့တပြေးညီ သိရှိနိုင်အောင် MYEO ကတဆင့် မျှဝေပေးဖြစ်နေခဲ့တာပါ “ လို့ သူက ဆိုပါတယ်။

ဒီလိုအခွင့်အရေးတွေ ဖန်တီးပေးနေတဲ့သူတွေ ရှိနေတာဟာ အားတက်စရာကောင်းလှပါတယ်။ သူတို့ရဲ့ အားစိုက်ထုတ်မှုတွေကြောင့် အခုဆိုရင် ပညာရေးအခွင့်အလမ်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ ကျွန်တော်တို့နဲ့ လက်တစ်ကမ်းမှာသာ ရှိနေတော့တာပါ၊ ဒီလိုရှိနေတာကိုမှ လက်ဆုပ်လက်ကိုင် ရယူဖို့၊ အကောင်းဆုံး အသုံးချနိုင်ဖို့ကတော့ ကျွန်တော်တို့ လူငယ်တွေရဲ့ တာဝန်ပါပဲ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top