ဘယ်လိုအစားအစာတွေက သင့်ကလေးကို အစာမကြေဖြစ်စေတာလဲ

shutterstock-704891131-700x467-1.png

အစာမကြေ လေထိုးလေအောင့်ဆိုတာ လူကြီးတွေမှဖြစ်တာမဟုတ်ပါဘူး ။ ကလေးတွေမှာလည်း အဖြစ်များပြီး တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးတွေဆို ဘယ်နေရာက ဘယ်လိုဖြစ်နေလဲဆိုတာ ပြောပြတတ်ပေမယ့် ကလေးကျတော့ ဗိုက်ထဲက တစ်နေရာရာ မသက်သာရင် ဘယ်လိုခံစားနေရလဲဆိုတာကို သေသေချာချာ မပြောနိုင်တဲ့အတွက် ဂျီကျလိုက်၊ ငိုလိုက်လုပ်နေရင် မေမေတို့ပဲ စိတ်ညစ်ရပါတယ်။ ။

အစာမကြေခြင်းဆိုတာဘာလဲ။ ။

ရင်ဘက်အောက်နား၊ ဝမ်းဗိုက်အပေါ်ပိုင်းမှာ မီးစနဲ့ထိုးသလိုပူလောင်နေတာမျိုး မကြာခဏခံစားဖူးမှာပါ။ ဗိုက်ကလည်း ပြည့်အင့်နေပြီး အီလည်လည်ပါဖြစ်နေပြီဆို ဒါ အစာမကြေတာပါပဲ။ အစာမကြေခြင်းဟာ တခါတလေမှာ

– GERD လို့ခေါ်တဲ့အစာများပြန်ဆန်တတ်ခြင်းရောဂါ၊
– အစာအိမ်အူအနာ
– သည်းခြေရာဂါ စတဲ့ ရောဂါတချို့ရဲ့ လက္ခဏာတွေလည်းဖြစ်နေတတ်တယ်။

ဘာကြောင့်အစာမကြေဖြစ်ရသလဲ

ပုံမှန်အားဖြင့် စားလိုက်တဲ့အရာတွေကိုချေဖျက်ဖို့ အစာအိမ်မှ အက်ဆစ်ထုတ်ပေးပါတယ်။ ဒါပေမယ့် စားလိုက်မိတဲ့ အရာတွေကို အက်ဆစ်က ချေဖျက်ဖို့ ခက်ခဲနေတဲ့ အခါမျိုး၊ အပေါ်မှာပြောထားတဲ့ ရောဂါတွေခံစားနေရတဲ့ ခါမျိုးဆို အစာမကြေတာ ပိုဖြစ်လွယ်ပါတယ်။ဘယ်လိုအစားအစာတွေက ကလေးတွေကို အစာမကြေဖြစ်စေတာလဲ။ ။

အစာခြေစနစ်ဆိုတာ ခုခံအားနဲ့ ဆက်စပ်နေတဲ့ အရာဖြစ်တဲ့ အတွက် အစာခြေစနစ် ကျန်းမာပါမှ ခုခံအားကောင်းပြီး ကလေးလည်း ကျန်းမာမှာပါ။ ဒါကြောင့် အစာခြေစနစ်ကို ပြဿနာရှာနိုင်တဲ့ အစာမကြေဖြစ်စေမယ့် အစားအသောက်တွေကို အစကတည်း ကလေးကိုရှောင်ကျွေးနိုင်ရင် အကောင်းဆုံးပါ။ မေမေတို့အနေနဲ့ ဘယ်လိုအစားအသောက်တွေက အစာမကြေဖြစ်စေတတ်လဲဆိုတာကို သိထားဖို့တော့လိုတာပေ့ါ။

အဆီများတဲ့ အစားအသောက်တွေ။ ။

အဆီများတဲ့ အစားအသောက်ေတွကို ချေဖျက်ဖို့အတွက် အစာအိမ်ထဲက အက်ဆစ်က အချိန်ကြာကြာယူရပါတယ်။ ဒါ့အပြင် အဆီတွေဟာ အစာရေမျိုပြွန်ရဲ့ အထိန်းကြွက်သားတွေကို အားလျော့စေတဲ့အတွက် အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ပြန်ဆန်တက်လာပြီး အစာမကြေ ရင်ပူတာတွေ စဖြစ်ပါတော့တယ်။ ဒါကြောင့် အဆီများတဲ့ အစားအစာတွေဖြစ်တဲ့ ဆီကြော်မုန့်တွေ၊ ခရင်မ်တွေ၊ ဒိန်ခဲတွေ၊ နဲ့ အသင့်စားသရေစာတွေကလေးကို အများကြီး မကျွေးတာ အကောင်းဆုံးပါ။

ကစီဓါတ်များတဲ့ အစားအသောက်တွေ။ ။

ထမင်းဖြု၊ ကောက်ညှင်း၊ ပေါင်မုန့်ဖြူ၊ အာလူး၊ ပြောင်းဖူးတို့မှာပါတဲ့ ကစီဓါတ်ေတွမှာ polysaccharides လို့ခေါ်တဲ့ အစာချေရခက်တဲ့ ဓါတ်ပေါင်းတွေပါတာကြောင့် အစာမကြေ လေထိုးလေအောင့်နဲ့ ရင်ပူတာတွေကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် ကလေးတွေကို ကစီဓါတ်များတဲ့ အစားအသောက်တွေ အများကြီးမကျွေးမိပါစေနဲ့။

ချဉ်ပြီး အက်ဆစ်ဓါတ်များတဲ့ အသီးတွေ။ ။

အစာအိမ် အချဉ်ဓါတ်ကို ပိုပေါက်စေတဲ့ ချဉ်တဲ့ အသီးတွေ အထူးသဖြင့် ခရမ်းချဉ်သီး၊ စပျစ်သီး၊ လိမ္မော်သီး၊ သံပုရာသီးတို့ကို ကလေး ဗိုက်ထဲဘာမှ မရှိတဲ့ အချိန် သွားမကျွေးပါနဲ့။ ကလေးတွေ လေအောင့်ပြီး ရင်ပူတာမျိုးတွေ ဖြစ်တတ်လို့ပါ။

ကဖင်းဓါတ်ပါတဲ့ စားစရာများ။ ။

ကဖင်းဓါတ်ေတွဟာ အစာအိမ်ရဲ့ အက်ဆစ်ဓါတ်ကို ပိုထွက်စေပါတယ်။ ဒါ့အပြင် ကဖင်းဓါတ်က အစာရေမျိုပြွန်ရဲ့ အထိန်းကြွက်သားကို အားလျော့စေတာကြောင့် အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ကို ပြန်ဆန်တက်စေပါတယ်။ ဒါကြောင့် ရင်တွေပူပြီး အစာအိမ်ထဲလဲ အက်ဆစ်တွေအလုံအလောက် မရှိတော့တဲ့အတွက် အစာချေအားပါ လျော့သွားပါတယ်။ ကော်ဖီ၊ လက်ဘက်ရည်ဆိုတာ ကလေးတစ်ယောက် မသောက်သင့်သေးတဲ့ စားစရာတွေပါ။

အချိုကဲတဲ့ အစားအသောက်တွေ

အပြင်က သရေစာမုန့်တွေမှာပါတဲ့ sorbitol လို့ခေါ်တဲ့ သကြားဓါတ်တွေ အများကြီးပါပါတယ်။ ဒီ sorbitol ဟာ အစာအိမ်ကို လေထစေပြီး အက်ဆစ်တွေကို ပိုထွက်စေတတ်လို့ ကလေးတွေကို အချိုကဲတဲ့ သရေစာတွေ မကျွေးတာ အကောင်းဆုံးပါ။ ။

ကလေးတွေရဲ့ အူ၊ အစာအိမ်ဆိုတာ အရမ်းကိုနုနယ်တဲ့အတွက် တစ်ခုခုမှားသွားတာနဲ့ ကလေးမှာ အကြီးကြီးထိခိုက်နိုင်ပါတယ်။ အူတွေ ၊ အစာအိမ်တွေကို ထိခိုက်နိုင်တဲ့ အရာတွေဆိုတာကလည်း အစားအသောက်တွေကလွဲရင် အခြားမရှိနိုင်ပါဘူး။ ဒါကြောင့် အစားအသောက်ပြင်ဆင်ပေးတဲ့ နေရာမှာ မေမေတို့အနေနဲ့ အရမ်းဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ။

Ref : Hellosayarwon

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top