ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံနေရပြီလို့ မင်းသားကြီး တွမ်ဟန့်ခ်စ် ထုတ်ပြော

11-3-2020-yyl-024.jpg

“Forrest Gump” ဇာတ်ကားနဲ့ နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသားကြီး တွမ်ဟန့်ခ်စ်ဟာ သူနဲ့ သူ့ဇနီး ရစ်တာ ဝီလ်ဆန် (Rita Wilson) က ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံနေရပြီလို့ လူမှုကွန်ယက်အကောင့်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

“ဟယ်လို…ရစ်တာနဲ့ကျွန်တော်တို့ သြစတြေးလျမှာပါ။ ကျွန်တော်တို့ အအေးမိသလိုဖြစ်ပြီး နည်းနည်းပင်ပန်းသလိုခံစားခဲ့ရပါတယ်။ ခန္ဓာကိုယ်လည်း နာကျင်ကိုက်ခဲပါတယ်။ နည်းနည်းလည်း အဖျားရှိပါတယ်။ ကျွန်တော်တို့ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစမ်းသပ်ခဲ့ကြပြီး ဗိုင်းရပ်စ်ပိုးရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ။ ဆေးဘက်ဆိုင်ရာအာဏာပိုင်တွေမှာတော့ ကျွန်တော်တို့လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ကျွန်တော်တို့ စမ်းသပ်စစ်ဆေးရမယ်။ လေ့လာစူးစမ်းရမယ်။ ပြည်သူကျန်းမာရေးနဲ့ လုံခြုံရေးအတွက် သီးသန့်နေထိုင်ရမှာပါ” လို့ တွမ်ဟန့်ခ်စ်က ပြောပါတယ်။

လူမှုကွန်ယက်အကောင့်မှာ တင်ထားတဲ့စာသားနဲ့အတူ အဝါရောင်အမှိုက်အိတ်နဲ့ ရာဘာလက်အိတ်ပုံတစ်ပုံ ပါဝင်ပါတယ်။ တွမ်ဟန့်ခ်စ်က ပရိသတ်တွေကိုလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ပြောခဲ့ပါသေးတယ်။ တွမ်ဟန့်ခ်စ်က ပရက်စလေ (Elvis Presley) အကြောင်းရိုက်ကူးမယ့်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးဖို့ သြစတြေးလျမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ ပရက်စလေရဲ့မန်နေဂျာ ကာနယ်တွမ် ပက်ကာအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ တွမ်ဟန့်ခ်စ် အခုလိုဖြစ်သွားတဲ့အတွက် ရုပ်ရှင်ရိုက်ကူးရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ မသိရသေးဘူးဖြစ်ပါတယ်။

တွမ်ဟန့်ခ်စ်က ၁၉၉၄ခုနှစ်မှာ ‘Philadelphia’ ဇာတ်ကား၊ ၁၉၉၅ခုနှစ်မှာ ‘Forrest Gump’ဇာတ်ကားတွေနဲ့ အကောင်းဆုံးမင်းသားဆုရရှိပြီး အော်စကာဆု နှစ်ကြိမ်ရရှိထားတာဖြစ်ပါတယ်။ အော်စကာဆုအတွက် ဆန်ကာတင်စာရင်းမှာ လေးကြိမ်ပါဝင်ခဲ့တဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ အခုနှစ်မှာလည်း the Cecil B.DeMille Award ကို ရရှိခဲ့ပါတယ်။

Ref: Tom Hanks, Rita Wilson say they have coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top