ကိုဗစ်ကူးစက်ခံရပြီး အသည်းအစားထိုး ကုသမှုလုပ်ခဲ့ရပေမဲ့ အသက်ရှင်ခဲ့တဲ့ အံ့ဖွယ်ကလေးလေး

19-1-2021-yyl-13.jpg

အသက် (၁) နှစ် အရွယ် ကာဆန် ဒိုနာဆန် (Kasen Donerlson) ဆိုတဲ့ ကလေးလေးဟာ အရမ်းချူချာပါတယ်။ အဲဒီကလေးလေးက ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့အပြင် အသည်းအစားထိုးမှုလည်း လုပ်ဖို့လိုအပ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ (၁) နှစ်ပြည့်မွေးနေ့မတိုင်ခင်မှာပဲ ကိုဗစ်ရောဂါကို တွန်းလှန်နိုင်ခဲ့သလို အသည်းအစားထိုးကုသမှုလည်းအောင်မြင်ပြီး အသက်ရှင်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့ကို “အံ့ဖွယ်ကလေးလေး”လို့ ခေါ်နေကြပါတယ်။

“အရမ်းအရမ်း စိတ်ပူပန်ခဲ့ရတယ်။ ဒါပေမဲ့ အခု သားလေး ပြန်လည်ကောင်းမွန်လာတာကတော့ အရမ်းဝမ်းသာရပါတယ်။ သားလေး နေကောင်းနေဖို့ပါပဲ။ အခြားဘာမှမတောင်းဆိုချင်ပါဘူး” လို့ ကာဆန်ရဲ့မိခင် မီတာရာချ် ဒိုနာဆန် (Mitayah Donerlson) က ပြောပါတယ်။ကာဆန်ကို ၂၀၂၀ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန် (၈) ပေါင် ရှိပါတယ်။ သူဟာ အသက်ရှုရခက်တဲ့ပြဿနာကြောင့် အထူးကြပ်မတ်ခန်းမှာ ရက်အနည်းငယ်နေခဲ့ရပါတယ်။ ဆရာဝန်တွေကတော့ သူ နည်းနည်းကြီးလာတာနဲ့ ကျန်းမာရေးကောင်းလာမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကာဆန်ရဲ့ကျန်းမာရေး တိုးတက်မှုရှိမလာခဲ့တဲ့အချိန်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ မွေးဖွားပြီး ၂ လဝန်းကျင်မှာပဲ ကာဆန်လေးက သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း (biliary atresia) ရောဂါကို ခံစားခဲ့ရပါတယ်။

ရောဂါခံစားရပြီး ရက်အနည်းငယ်အကြာမှာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ဒါပေမဲ့ ခွဲစိတ်မှုမအောင်မြင်ခဲ့ဘဲ အသည်းအစားထိုးဖို့လိုအပ်တယ်ဆိုတာကို သိခဲ့ရပါတယ်။ အဲဒါနဲ့ UPMC Children’s Hospital ရဲ့အသည်းအစားထိုးစောင့်ဆိုင်းစာရင်းမှာ ကာဆန်ကို စာရင်းသွင်းခဲ့ရပါတယ်။ နိုဝင်ဘာလမှာ ကာဆန်က အသည်းအစားထိုးနိုင်ဖို့ စောင့်ဆိုင်းနေတုန်း ကာဆန်၊ မီတာရာချ်နဲ့ သူရဲ့တူမလေးတို့ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ ကာဆန်က ဆေးရုံမှာ (၃) ရက် နေခဲ့ရပြီး ကိုဗစ်ရောဂါလက္ခဏာအနေနဲ့ အဖျားကြီးတာတစ်ခုပါပဲ။ ကျန်တဲ့မိသားစုဝင်တွေကလည်း ကိုဗစ်ရောဂါလက္ခဏာတွေကို အရမ်းကြီးမခံစားခဲ့ရပါဘူး။

(၂) ပတ်အကြာ ဒီဇင်ဘာလ အစောပိုင်းမှာ ကာဆန်အတွက် အသည်းအလှူရှင်ပေါ်လာခဲ့ပါတယ်။ မီတာရာချ်ဟာ အရမ်းပျော်လွန်းလို့ မျက်ရည်ကျခဲ့ရပါတယ်။ အခုချိန်မှာ သူလုပ်နိုင်တာက ငိုတာပါပဲတဲ့။ အခုနှစ်ဇန်နဝါလအစမှာ ကာဆန်က အသည်းအစားထိုးကုသမှုခံယူခဲ့ရပါတယ်။ ကိုယ်အလေးချိန်ကတော့ မွေးတုန်းကအလေးချိန်ထက်နည်းနည်းပဲ ကျော်ပါတယ်။ (၁၀) ပေါင်လောက်ပဲရှိပါတယ်။ ကာဆန်ဟာ သူခံစားခဲ့ရတဲ့ရောဂါအခြေအနေကြောင့် ပေါင်ချိန်နည်းနေတာဖြစ်ပါတယ်။ အသည်းအစားထိုးခွဲစိတ်ကုသခဲ့တဲ့အချိန်က (၁၀) နာရီလောက်တောင်ကြာခဲ့ပါတယ်။

ကာဆန်လေးကတော့ မွေးဖွားလာကတည်းက နေမကောင်းဖြစ်လို့ ဆေးရုံတက်ကုသမှုခံယူပြီးတဲ့နောက်မှာတော့ ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ သူ့ရဲ့ (၁) နှစ်ပြည့်မွေးနေ့ကို ဇန်နဝါရီ ၁၄ ရက်နေ့က ဆေးရုံမှာပဲ ဆင်နွှဲခဲ့ပြီး ကိုယ်အလေးချိန်လည်း များလာနေပါပြီ။ မီတာရာချ်ကတော့ သူ့သားလေး ကာဆန် လမ်းလျှောက်တာ၊ စကားပြောတာတို့ကို မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်။ ကာဆန်ကို အသည်းလှူပေးခဲ့တဲ့သူနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းဖို့ စာရင်းပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

Ref: ABCNews “Baby with rare disease survives COVID-19 and liver transplant before his 1st birthday”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top